လားရှိုးမြို့ ရပ်ကွက် ၇ ရှိနေအိမ်တလုံးတွင် ပေါက်ကွဲမှုဖြစ်ပွါး

လားရှိုးမြို့ ရပ်ကွက် ၇ ရှိနေအိမ်တလုံးတွင် ပေါက်ကွဲမှုဖြစ်ပွါး

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် ၇ နယ်မြေ ၄ တွင် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန်က နေအိမ်တအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။

အမက ၂ ကျောင်းအနီးရှိ အိမ်အမှတ် ၃၄  တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာ ရမှုတော့မရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များ ပြောသည်ဟု လားရှိုးခရိုင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောသည်။

“ဟုတ်တယ် ပေါက်ကွဲတယ်။ သံလွင်လမ်း ၇ ရပ်ကွက်။ ထိခိုက်ဒဏ်ရာရမရှိဘူး။ ကျနော် အာဏာပိုင်တွေကိုလှမ်းပြီးဆက်သွယ်ကြည့်တော့ အာဏာပိုင်တွေက စစ်ဆေးနေတုန်းလို့ပြောပါတယ်။ အိမ်ဝင်းထဲမှာပေါက်ကွဲတာဖြစ်တယ်။အပြင်ကနေပစ်တာလား၊ အိမ်ထဲကနေဘဲ ပေါက်ကွဲတာလားဆိုတာလည်း အတည်ပြုလို့မရသေးပါဘူး စစ်ဆေးနေတုန်းဆိုတော့လေ။ နံရံတွေဘာတွေထိတယ်၊ ပြတင်းမှန်တွေကွဲတယ်ဆိုတော့ ဒါ ပေါက်ကွဲမှုပုံစံကြည့်တာတော့ ဗုံးလိုပုံစံမျိုးတော့ဖြစ်နိုင်တယ်ပေါ့ အာဏာပိုင်တွေအဲလိုပြောတယ်။ အခု အိမ်ရှင်ကိုခေါ်ပြီးစစ်ဆေးနေတုန်းမို့လို့ အဖြေသေချာမသိရသေး ဘူးလို့ ပြောပါတယ် ” – ဟု စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါအိမ်၏ ပိုင်ရှင်မှာ ဦးရန်ချုံရှန်းဆိုသူဖြစ်ကြောင်း လားရှိုးဒေသခံများပြောဆိုနေကြသည်။

အဆိုပါ ၇ ရပ်ကွက်တွင် တရုတ်၊ အစ္စလာမ်၊ သျှမ်း၊ ဗမာလူမျိုးများ နေထိုင်ကြောင်းသိရသည်။

လားရှိုးမြို့တွင် ယခုနှစ်ဖေဖော်ဝါရီလက ရိုးမဘဏ်အနီး ကြီးမားသောပေါက်ကွဲမှုဖြစ်ပွါးပြီးနောက်ပိုင်း ၈ လ အကြာတွင်ပြန်လည်ဖြစ်ပွါးသော ပေါက်ကွဲခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...