ယနေ့ကျောက်မဲတွင်ပြုလုပ်သော ဓမ္မမေဒနီကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးကလျာဏဝံသ အဂ္ဂိဈာပန အခမ်းအနားသမယ သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲတွင် ဆရာတော် ၊ သံဃာတော်များနှင့် ဒေသခံလူထုစုပေါင်းကာ ဆီမီးထွန်းပူဇော်ပြီးဆုတောင်းပွဲ တရပ်ပြု လုပ် မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၁၁ ရက်ညနေ ၆ နာရီခွဲအချိန် ခိုလမ် မြို့နယ်ခွဲ သီရိမင်္ဂလကျောင်းတိုက်တွင် ဆီမီးထွန်းပူဇော်ကာ ဆုတောင်းပွဲကျင်းပမည်ဖြစ်ကြောင်း ခိုလမ်ဒေသခံ စိုင်းအွန် ကပြောသည်။
"ဒီအစီအစဉ်လေးဖြစ်မြောက်ဖို့ ကျနော်တို့ ဆိုင်လျန်းကျောင်းတိုက်ကဆရာတော် ဦးဆောနန္တက နေဦးဆောင်ပါတယ်။ ဆရာတော် ဦးကလျာဏဝံသ အတွက်ဆုတောင်းပေးမယ်။ နောက်ပြီးတော့ ဒီလိုအဖြစ်ဆိုးမျိုး ဘယ်သံဃာတော်ဆီမှာမှ ထပ်မဖြစ်စေဖို့ ဘယ်နေရာ ဘယ်သူ့ဆီမှာမှ ထပ်မဖြစ်စေဖို့ ဆုတောင်းကြမှာဖြစ်ပါတယ်။ အားလုံးကိုပါဝင်ဆုတောင်းကြဖို့ ဖိတ်ခေါ်ပါတယ် "– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ဆရာတော်ဦးကလျာဏဝံသ သည် ယခုလ ၅ ရက်နေ့က ကျောက်မဲမြို့ ရပ်ကွက် ၇ ရှိ ကျောင်းယွက် ရွှေကျင်ကျောင်း (ကျောင်းယွက်ကျောင်းတိုက်) တွင် ကိုယ်ရင်ငယ်များနှင့်အတူ ဘုရားဝတ်ပြု ရန် စီစဉ်နေ သည့်အချိန် အမည်မသိလက်နက်ကိုင်သူ ၂ ဦးက ဆိုင်ကယ်တစီးဖြင့်ကျောင်းအတွင်း ဝင်ရောက်ကာ ပစ်ခတ်သဖြင့် ဆရာတော်မှာ ကျည်ဆံ ၇ တောင့်ထိမှန်ကာ ပျံလွန်တော်မူခဲ့သည်။
ယနေ့တိုင် အဆိုပါသေနတ်ပစ်ခတ်သည့်လက်သည်အားမသိရသေးပေ။ ထိုသို့သော သာသနာပြုပုဂ္ဂိုလ်အား ပစ်ခတ်မှုမျိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၊ ထပ်မံမပေါ်ပေါက်စေလိုကြောင်း နိုင်ငံရေးပါတီ ၊ စစ်တပ်၊ ပြည်တွင်းပြည်ပမှသံဃာတော်များ၊လူမှုအခြေပြုအဖွဲ့အစည်းများက အသီးသီးကြေငြာချက်ထုတ်ပြခဲ့သည်။
ဆရာတော်၏ ကြွင်းကျန်ရုပ်ကလပ်အား ကျောက်မဲမြို့တွင်ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန အခမ်းအနားကျင်းပမည်ဖြစ်သည်။







