TNLA မှ နန်းမိုဟွမ်အား ထောင်ဒဏ် ၃ နှစ်ချမှတ်သည့်အပေါ် မိသားစုဝင်များမသိရဟုဆို

TNLA မှ နန်းမိုဟွမ်အား ထောင်ဒဏ် ၃ နှစ်ချမှတ်သည့်အပေါ် မိသားစုဝင်များမသိရဟုဆို
TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် နှင့် ၄င်းတို့၏ထုတ်ပြန်ချက် (photo/Facebook)
TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် နှင့် ၄င်းတို့၏ထုတ်ပြန်ချက် (photo/Facebook)

သျှမ်း(ရှမ်း)ပြည်နယ် မြောက်ပိုင်း နမ့်ခမ်းသူ နန်းမိုဟွမ်အား တအာင်း ပလောင်  အမျိုးသားလွတ်မြောက်ရေးတပ်မတော်  TNLA  က အောက်တိုဘာ ၅ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချလိုက်သည့်အပေါ် မိသားစုဝင်မှ မသိရှိရကြောင်း ဆိုပါသည်။

“မနေ့က သတင်းတွေထွက်လာတာတွေ့တယ်။ ဒီအကြောင်း ကျမတို့ဘာမှမသိရဘူး။ အကြောင်းကြားလာတာလဲ မရှိသေးဘူး။ ဒါကြောင့် ကျမတို့ဘက်က ဘာမှမပြောနိုင်သေးဘူး။ နန်းမိုဟွမ်ဘေးကင်းစွာနဲ့ အမြန်ဆုံးပြန်လည် လွှတ်မြောက်လာဖို့ ဘဲကျမတို့ဆုတောင်းနေတယ်။ ”- ဟု နန်းမိုဟွမ် ၏ မိသားစုဝင်တဦး ကပြော သည်။

နန်းမိုဟွမ်အား TNLA မှ ရာဇာသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟို တရားရုံးမှ ထောင်ဒဏ် ၃နှစ် စီရင်ချက် ချလိုက်ကြောင်း၊ အဆိုပါ စီရင်ချက်ချ လိုက်သည့် နေ့တွင် နန်းမိုဟွမ် သည် သူမ ၏ မိသားစုဝင်များနှင့် မတွေ့ခဲ့ရကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ နန်းမိုဟွမ်ကို ကျနော်တို့ ဗဟို တရားရုံးက အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ထောင်ဒဏ် ၃နှစ် ချလိုက်တာ ဟုတ်ပါတယ်။ သူ့မိသားစုဝင်တွေ နဲ့ ဘာလို့ပေးမတွေ့လဲဆိုတော့ ကျနော်လည်း မသိသေးဘူး။ သူ့ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကျနော်တို့ ဌာနမှာပဲထားထားပါတယ်။ ဒီလောက်ဘဲပြောနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျနော် ဗဟိုနဲ့သွားမတွေ့ရသေးတော့ အသေးစိပ်မသိရသေးဘူး ” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

နန်းမိုဟွမ်ကို ဖမ်းဆီး ထောင်ချခြင်းသည် လူမျိုးရေး နှင့်မဆိုင်ကြောင်း၊ TNLA ဥပဒေကို ချိုးဖောက်မှုကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

သို့သော် လက်ရှိအနေအထားအရ နန်းမိုဟွမ်ကို ထိုသို့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သည့်အပေါ် သမိုင်း တလျှောက်အတူတကွ ဒွန်တွဲနေထိုင်လာသည့် သျှမ်း နှင့် တအာင်းပလောင် လူမျိုး ကြား ပဋိပက္ခဖြစ်ပွားမည်ကို နမ့်ခမ်းဒေသခံများက စိုးရိမ်နေကြကြောင်း ၊ ထို့အတွက်အမြန်ဆုံးပြန်လည်လွှတ်ပေးစေလိုကြောင်း နမ့်ခမ်းဒေသခံ လူငယ်များကပြောဆိုနေကြသည်။

နန်းမိုဟွမ် ကို စက်တင်ဘာ ၁၇ ရက် နေ့ မနက် ၈ နာရီခွဲ အချိန် က သူမ၏ ကလေး အား ထမင်းကျွေးနေချိန် လက်နက်ကိုင်တအာင်းတပ်ဖွဲ့ဝင် ၅ ဦးက သူမအား သေနတ်ထိုးချိန်ကာ ကားပေါ် တင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည် ။

ယမန်နှစ်က နန်းမိုဟွမ် အိမ်မှ အခွန် ၁၁ သိန်းကောက်ခံပြီးအပြန် တအာင်းတပ်သား ၂ ဦးအား လမ်းတွင် အစိုးရတပ်မှ ချောင်းမြောင်းပစ်ခတ်ရာ တဦးသေ တဦးဖမ်းဆီးခံရသဖြင့် နန်းမိုဟွမ်အား တအာင်းအကောက်ခွန် ၀န်ထမ်းအား တာဝန်ဝတ္တရားနှောင့်ယှက်မှုဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ မိဘများရှေ့မှောက်တွင်တရားစီရင်မည်ဖြစ်ကြောင်း TNLA ၏ ပြန်ကြားရေးဌာနက ကြေငြာချက်ထုတ်ပြန်သည်။

အဆိုပါ ဥပဒေပုဒ်မ သည် နိုင်ငံတော်မှ အပ်နှင်းထားသည့် ဥပဒေလုပ်ပိုင်ခွင့်ရှိသူ (ရှေ့နေ သို့မဟုတ် တရားရုံးရှေ့ နေ ရှေ့ရပ် )တွင် တာ တရားစီရင်ရမည့်အပြင် တရားစီရင်ရေးပေးထားသည့် တရားရုံးတွင်သာ ပြည်သူ၏ ရှေ့မှောက်တွင် ပြဌာန်းထားသည့် ဥပဒေဖြင့် စီရင်ရမည်- ဟု ၄င်းဥပဒေပုဒ်မပါသည့် အခန်းတွင် ဖော်ပြထားကြောင်း ဥပဒေဘာသာရပ်ဖြင့်ကျောင်းပြီးထားသည့် သျှမ်းလူငယ်အဖွဲ့ဝင်တဦး ကပြောသည်။

တအာင်းတပ်ဖွဲ့ TNLA သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တဖွဲ့ဖြစ်ပြီး အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ရန်ကြိုးစားနေသည့်အဖွဲ့ဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...