သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း UWSA မှဖမ်းဆီးရမိသော မူးယစ်ဆေးဝါးကယ်ရီ သားအမိအား မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့သို့လွဲပြောင်းပေးကြောင်းသိရသည်။
အောက်တိုဘာလ ၆ ရက်နေ့က မိုင်းတုံမြို့နယ်ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်စပ် ဟွေ့အော့ရွာအနီးတွင် မူးယစ်ဆေးများသယ်ဆောင်လာသည့် လီဆူးသားအမိ အား နယ်စပ်တလျှောက်တွင်လှုပ်ရှားနေသော ဝ တပ်ဖွဲ့ အမှတ် ၁၇၁ က ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။
ပုံပါကျင်ဒေသခံ စိုင်းမောင် က- မနက်ပိုင်းမှာဖမ်းဆီးရမိပြီးညနေပိုင်းမှာကျတော့ အစိုးရတပ်ဆီကို ၀ ဘက်က လွဲပေးလိုက်တာ။ဟိုသားအမိက သူ့သမီးက အသက် ၁၆-၁၇ လောက်ဘဲရှိဦးမှာ။ သူတို့ဆိုင်ကယ်တူးပေါက်ထဲကနေသယ်လာတာ။ ယာဘနဲ့မူးယစ်ဆေးတွေ။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
မိုင်းတုံမြို့နယ် ရဲများထံ ၀ တပ်ဖွဲ့မှ အပ်နှံပေးသော ဖမ်းမိပစ္စည်းများမှာ – ယာဘ အပြားပေါင်း ၁၀၀၀၊ ဘိန်းဖြူ ၂ ပုလင်း၊ ဆိုင်ကယ် ၁ စီးနှင့်လက်ကိုင်ဖုန်း ၄ လုံးတို့ဖြစ်ကြောင်းသိရသည်။
နယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင် မှောင်ခိုရောင်းဝယ်သူများ အထူးများပြားလျှက်ရှိပြီး ဖမ်းမိမူးယစ်ဆေးဝါးများမှာ ရံဖန်ရံခါ ရဲလက်သို့ပြန်လည်အပ်နှံကြောင်း၊ အများစုမှာမူ ၀ တပ်ဖွဲ့မှ တရားစီရင်ကြောင်း မိုင်းတုံဒေသခံက ပြောသည်။







