သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်း တရုတ် ဘက်ခြမ်းတွင် နယ်စပ်လမ်းအား မြေတူးကာ ဖြတ်တောက်လိုက်သဖြင့် နယ်စပ်နေ ၂ နိုင်ငံဒေသခံများ သွားလာမှု အခက်အခဲဖြစ်နေကြောင်း သိရသည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် မူစယ်မြို့နယ် မန်ဟီးရိုး(မန့်ဟျိုး)မြို့နှင့်ကပ်လျက် နယ်ခြားမျဉ်းတဖက်ကမ်း တရုတ်နိုင်ငံ အိမ်ဇိမ်ရွာဘက်ခြမ်းတွင် တစ်နေရာ၊ မူစယ်မြို့နယ် ဝမ့်ကောက်ကွတ်နှင့်မျက်နှာချင်းဆိုင် တရုတ်ဘက်ခြမ်း ကောင်းဆောင်ရွာတွင် တစ်နေရာ တရုတ်ဘက်မှ လမ်းမကြီးအား မြေတူးကာ လမ်းဖြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။
“မန့်ဟျိုးမှာက တံခါးပေါက်ရှိတယ်။ နှစ်နိုင်ငံအစိုးရ သဘောတူထားတဲ့ တရားဝင်ပေါက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ နယ်စပ်နှစ်ဖက်ခြမ်းဒေသခံတွေ ကူးသန်းသွားလာဖို့ မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ သွားလာခွင့်ပေးထားတယ်။ ဒေသခံတွေအတွက် ပဲပြောင်းသီးနှံတွေ ဟင်းသီးဟင်းရွက်တွေ သွားရောင်းနိုင်တယ်လေ။ လမ်းကို ကန့်လန့်ဖြတ် မြေတူးလုိက်တော့ သွားလို့မရတော့ဘူး။ ကောက်ကွတ်မှာတော့ ဘေးကနေသွားလို့ ရသေးတယ်။ အခုလို တရုတ်ဖက်ခြမ်း က လမ်းပိတ်လိုက်တော့ တကယ့် ရိုးရိုးသားသား ဝမ်းရေးအတွက် သွားလာလှုပ်ရှားတဲ့ဒေသခံတွေအတွက် အခက်တွေ့တာပေါ့။ တကယ့် သစ်မှောင်ခိုကြီးတွေ ဝင်ထွက်တဲ့လမ်းတွေကိုုတော့ မပိတ်ဘဲနဲ့ “- ဟု မူစယ်ဒေသခံလူငယ် စိုင်းအိုက်ယီ့ က ပြောသည်။
တရုတ်ဘက်ခြမ်း ကောက်ကွတ်ရွာနေ ဒေသခံ သျှမ်းအမျိုးသား စိုင်းဆာမ် က မြန်မာဘက်ခြမ်း မသွားရန် နိုင်ငံရေးပါတီတစ်ခုက ၎င်းတို့ရွာသားအား လာရောက်တားမြစ်ထားကြောင်း လမ်းတူးဖော်နေသည်မှာမူ နယ်ခြားစောင့်တပ်မှ တာဝန်ယူကြောင်း ပြောသည်။
“တစ်လအတွင်း ဟိုဘက်ခြမ်းမကူးရဘူးတဲ့။ ကူးရင်တခုခုဖြစ်ရင် သူတို့ တာဝန်မယူဘူးလို့ပြောတယ်။ ဟိုဘက်မှာက တိုက်ပွဲခနခနဖြစ်နေတယ်တဲ့။ အဲ့ကြောင့် အရောင်းအဝယ်ဘဲဖြစ်ဖြစ် အမျိုးဆီဘဲဖြစ်ဖြစ် သွား မယ်ဆိုရင်ခက်တာပေါ့။” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။
တရုတ်-မြန်မာနယ်စပ် တရားဝင်နယ်စပ်ဂိတ်အဖြစ် မူစယ်မြို့တွင် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့သာရှိပြီး ကျန်ဂိတ်အသေးများမှာ တရားဝင်ဂိတ်မဟုတ်ဟု ဆိုသော်လည်း နိုင်ငံကူးစာအုပ်စာရွက်များ ပြုလုပ်ပေးပြီး အချိန်ပိုင်းဖြင့် အဖွင့်အပိတ်ပြုလုပ်ပေးကြောင်း မူစယ်ဒေသခံများ ပြောပြချက်အရ သိရသည်။







