မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံဘုရား ပြုပြင်ရန်အတွက် အလှူငွေများ ထည့်ဝင် ပေးကြဖို့ စက်တင်ဘာ ၁၂ ရက်က ကျင်းပသော မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားခဲ့သည်။
“ဘုရားကြီး ပြုပြင်ဖို့အတွက် မွန်ပြည်နယ်က လူတွေရော ပြီးတော့ နိုင်ငံခြားက လူတွေရော လိုအပ်နေတဲ့ ၂ ဒသမ ၂ ဘီလီယံအတွက် ဝိိုင်းဝန်ပြီး အလှူငွေ ထည့်ကြဖို့ ဒီနေရာကနေ အလှူခံပါတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။
လက်ရှိတွင် ဘုရားပြုပြင်ရန် အလှူငွေပေါင်း ကျပ်သိန်း ၈၀၀၀ ကျော် ရရှိထားပြီး၊ ဘုရား ရေရှည် တံတည်ခိုင်မြဲရန်အတွက် ပြုပြင်စရိတ်မှာ ကျပ် ၄ ဘီလီယံကျော် ကုန်ကျမည်ဖြစ်သည်။
ထိုအတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ကျပ် ၁ ဘီလီယံ ပေးအပ်သွားမည်ဖြစ်သော်လည်း အလှူငွေ ကျပ် ၂ ဒသမ ၂ ဘီလီယံ ကျော် လိုအပ်နေဆဲ ဖြစ်သည်။
ကျိုက်သလ္လံဘုရားသည် ဇွန် ၁၇ ရက်နေ့က ရွာသွန်းခဲ့သောမိုးကြောင့် ဘုရား၏ အရှေ့တောင်ထောင့် ရင်ပြင်တော် ပြိုကျခဲ့ကာ အနောက်ဘက် တန်ဆောင်းတန်မှာလည်း အက်ကွဲကြောင်း များ ဖြစ်ပေါ်ခဲ့သည်။



