မိုင်းတုံမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားမှုကို အစိုးရတပ်မတော် ကြပ်မတ်စစ်ဆေး

မိုင်းတုံမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားမှုကို အစိုးရတပ်မတော် ကြပ်မတ်စစ်ဆေး

သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား ဒေသအတွင်း အခြေစိုက် လှုပ်ရှားသည့် အစိုးရတပ်မတော် စစ်ကြောင်းများက လိုက်လံစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။

၂၀၁၈ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ခရီးသွားလာသူများ၊ သံသယရှိသူများ၊ ကိုယ်ပိုင်ယာဉ်များ၊ လိုင်းကားများအား မိုင်းဆတ်အခြေစိုက် အမှတ် ၁၇ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံ မိုင်းတုံမြို့ နယ် အတွင်း အခြေစိုက်သည့် ခြေလျင်တပ်ရင်းများက မိုင်းတုံ – ပုံပါကျင် လမ်းပေါ်တွင် စောင့်ဆိုင်း စစ်ဆေး ခြင်းဖြစ်ကြောင်းသိရသည်။

“အဲဒီ့တုန်းက မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်နိုင်ဖို့ ကျနော်တို့ ရပ်သူကြီး ရွာသူကြီးတွေကို ခေါ်ယူတာ။ တွေ့ဆုံ ဆွေးနွေးပြီး လုပ်နိုင်မယ့်အစီအစဉ်လေးတွေကို စလုပ်နိုင်ဖို့။ အဲဒါကို တပ်က လာစောင့်ပြီး စစ်ဆေးတာ။ လွယ် အာလူး တောင်မှာ စောင့်စစ်တာ ။ အခုလဲ စစ်နေတုန်း အဲဒီ့တုန်းကလောက်တော့ သိပ်မကြမ်း တော့ဘူး ”- ဟု မိုင်းတုံမြို့နယ်အတွင်း တာဝန်ကျသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အရာရှိတဦးက ပြောသည်။

အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ မိုင်းတုံမြို့နယ်အတွင်းရောက်ရှိတာဝန်ထမ်းဆောင်နေသည့် အောက်ပြည်မ အစိုးရတပ်မတော် အရာရှိတဦးကလည်း – လူထုတိုင်ကြားချက်နဲ့ အထက်ညွွှန်ကြားချက်အရ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ကျနော်တို့တော့ နားမလည်ဘူး။ RCSS က အပစ်ရပ်တယ် တနိုင်ငံလုံးအဆင့်နဲ့ ၊ ၀ – UWSA က ငြိမ်းချမ်းရေး လက်မှတ်ဘဲထိုးထားတယ်။ ခံစားခွင့်က ဒီနှစ်ဖွဲ့ ယှဉ်ကြည့်ရင် လုံးဝ ကွာခြားနေတယ်။ RCSS က သေနတ်နဲ့မ ပြောနဲ့ စစ်ဝတ်စုံလေးနဲ့တောင် လမ်းမ ပေါ်တက်မရဘူး။ ၀ – UWSA က တော့ အစိုးရတပ်နဲ့ ဘာမှ မကွာဘူး။ ဘယ်သွားသွား စစ်ယာဉ်တန်းကြီးနဲ့ သေနတ်တွေတကားကားနဲ့ဘဲ ”- ဟု ဒေသအတွင်း ခရီးသွားလာသည့် စိုင်းဂျအေး က ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် နေပြည်တော် အစိုးရ နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာ ချုပ် လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည်။ ချုပ်ဆိုလာသည့် စာချုပ်များ အား လုံးတွင် နယ်မြေ အတည်တကျ သတ်မှတ်ထားမှု မရှိဘူးဟု RCSS/SSA ဘက်က သျှမ်းသံတော်ဆင့်သို့ အကြိမ်ကြိမ် အတည်ပြုပြောကြားသော်လည်း အစိုးရတပ်မတာ်က RCSS/SSA သည် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေး NCA စာချုပ် ကိုချိုးဖေါက်ပြီး နယ်မြေကျူးကျော်လှုပ်ရှားနေသည်ဟု မကြာခဏစွပ်စွဲပြီး RCSS/SSA တပ်များအား စစ်အားဖြင့် မကြာခဏ တက်တိုက်ခဲ့ဖူးသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...