သီပေါမြို့နယ်အတွင်း အစိုးရ တပ်သား မိသားစုဝင် သေနတ်ပစ်သတ်ခံရ

သီပေါမြို့နယ်အတွင်း အစိုးရ တပ်သား မိသားစုဝင် သေနတ်ပစ်သတ်ခံရ
by -
နန်းဆိုင်နွမ်
(Photo Credit to Tachileik Online News)
(Photo Credit to Tachileik Online News)

သျှမ်း(ရှမ်း)ပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လီကျေးရွာ တွင် စျေးဝယ်ပြီး ပြန်လာသည့် အစိုးရ တပ်မတော် မှ တပ်သား မိသားစု ၃ ဦး ပစ်သတ်ခံရသည်ဟုသိရသည်။

သြဂုတ် ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ပစ်သတ်ခံရပြီး သေဆုံးသွားသည့် တပ်မိသားစုဝင် ၃ ဦးမှာသီပေါ မြို့နယ် မန်လီ ကျေးရွာ အနီး အခြေစိုက် ခမရ ၁၇ မှ တပ်ကြပ်ကြီးစာရေး မြင့်လင်း ၊ တပ်ကြပ်ကြီး ၏ ယောက္ခမ ဖြစ်သူဒေါ်မြင့်ခင် နှင့် အသက် ၆ နှစ်အရွယ် ကလေး တဦးတို့ ဖြစ်ကြောင်း သီပေါမြို့ ရဲတပ်ဖွဲ့ ၀င်က ပြောသည်။

ဖြစ်စဉ်မှာ အဆိုပါ တပ်ကြပ်ကြီး မိသားစုဝင် ၃ ဦးသည် သြဂုတ် ၄ ရက်နေ့ ညနေ ၄ နာရီ နာရီခွဲတွင် မန်လီကျေးရွာ စျေးမှ စျေးဝယ်ကာ တပ်သို့ အပြန်လမ်းတွင် ချောင်းပစ်ခတ်ခံရကြောင်း၊ မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ မှ ပစ်ခတ်သည်ကို မသိရှိကြောင်း သီပေါမြို့ ရဲစခန်းမှ တာဝန်ကျသည့် ရဲတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ တော့မသိဘူး။ တပ်ကြပ်ကြီး နဲ့အသက် ၆ နှစ်အရွယ် ကလေး ကတော့ ဦးခေါင်း နောက်စေ့ပွင့်ထွက် ဒဏ်ရာနဲ့ပွဲချင်းပြီး သေးဆုံးတယ်။ နောက် ဒေါ်မြင့်ခင် ကတော့ ဘယ်ညာ တင်ပဆုံ နှစ်ဘက် မြီးညှောင့်ရိုးနေရာ မှာ သေနတ်မှန််တယ်။ ဆေးရုံ မှာ ဆုံးသွားတယ်။” ဟု အထက်ပါ ရဲက ထပ်လောင်းပြောကြားသည်။

သီပေါမြို့နယ် မန်လီကျေးရွာ အနီး ခမရ ၁၇ တပ်မှ တပ်ကြပ်ကြီး မိသားစုဝင်တွင် အသက် ၆ နှစ်အရွယ် အပြစ်မဲ့ ကလေးငယ်ကို ပါပစ်သတ်သည့် အတွက် လူသားမဆန်မှုဖြစ်ကြောင်း၊ မည်သည့်လက်နက်ကိုင်မဆို အပြစ်မဲ့ ပြည်သူနှင့်ကလေးကို ပစ်သတ်သည်ကို လက်မခံကြောင်း ရှုတ်ချကြောင်းလည်း သီပေါ ဒေသခံ များက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကမူ- တော်လှန်ရေးသမိုင်းမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ တပ်မတော်သားရဲ့မိသားစုဝင်တွေကို ချောင်းမြောင်းလုပ်ကြံတာမျိုးတခါမှမရှိခဲ့ဖူးဘူး။ ဒီကိစ္စကလည်း ချောင်းမြောင်းပစ်ခတ်သူကိုမသိရဘူး။ အစိုးရတပ်မတော်သားအချင်းချင်းမကျေနပ်လို့ချောင်းပစ်တာလည်း ဖြစ်နိုင်တာဘဲ။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ဒေသအတွင်း မြန်မာ့ တပ်မတော်၊ ပြည်သူ့စစ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်( RCSS/SSA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) တို့လှုပ်ရှား ပါသည်။

ယခုဖြစ်ရပ်သည် သီပေါတွင် တပ်မိသားစုဝင်အား ပထမဆုံးအကြိမ် ချောင်းမြောင်းလုပ်ကြံခြင်းဟုဆိုသော်လည်း ဒေသခံလူထုနှင့်နွားကုန်သည်များ ကားသမားများကိုမူ မကြာခဏ ချောင်းမြောင်းလုပ်ကြံပစ်သတ်မှုရှိခဲ့ပြီး ယခုနှစ်အတွင်း ၁၀ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...