စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှုကို ယနေ့ ဇွန် (၄)ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် (၄)ကြိမ်မြောက် ရုံးချိန်း စစ်ဆေးခဲ့ပြီး (၅)ကြိမ်မြောက် စစ်ဆေးမှုကို ဇွန် (၁၈)ရက်နေ့ ရက်ချိန်း ထားသည်။
၎င်းအမှုကို တရားခံများ၏ရှေ့နေများမှ ကချင်ပြည်နယ် တရားလွှတ်တော် သို့ အမှု ချေဖျက်လွှာ လျှောက်တင်ရာ လက်ခံ စစ်ဆေးမည် ဖြစ်သောကြောင့် မြို့နယ် တရားရုံး ၌ အမှုစစ်ဆေးခြင်းကို ယာယီ ရပ်နားထားသည်။
“လွန်ခဲ့တဲ့ ရုံးချိန်းတုန်းက တရားလို ဒုဗိုလ်မှုးကြီးကို စစ်ဆေးပြီးတဲ့နောက်မှာ အထက်တရားရုံး ကချင်ပြည်နယ် တရားလွှတ်တော်ဆီကို ကျွန်တော်တို ့ စွပ်စွဲခံ ရှေ့နေတွေ ကနေ ဒီအမှု ချေဖျက်လွှာကို လျှောက်ထားပါတယ်။ တင်တော့ ဒီအမှု ကို သူတို့ လက်ခံထားပါတယ်။ အခုက သူတို့ ဒါကို ခေါ်စစ်ဆေးဖို့ လုပ်နေပါတယ်။ အဲတော့ ဒီအောက်ရုံး မြို့နယ်တရားရုံးက ဒီအမှုကို မစစ်ဆေးဘဲနဲ့ ခဏ ရပ်နားထားတာပါ။ ဒါပေမယ့် ဒီအမှုကို ဖျက်သိမ်းတာတော့ မဟုတ်ပါဘူး” ဟု စွပ်စွဲခံ ထားရသူ ဦး Lum Zawng မှ ပြောပါသည်။
အမှုကို အရေးတကြီး အထက်ကချင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်တင်ထား သည့်အတွက် အောက်မြို့နယ်တရားရုံးမှ အမှုကို ပိတ်သင့် မပိတ်သင့် အထက် တရားလွှတ်တော်၏ စစ်ဆေးခြင်းကို စောင့်ရင်း ရုံးချိန်းထားခြင်း ဖြစ်သည်။
တပ်မတော် အသရေဖျက်မှုဖြင့် တရားစွဲခံရသော ကချင်လူငယ် ဆန္ဒပြ ခေါင်းဆောင် ဦး Lum Zawng၊ ဦး Zau Jat နှင့် ဒေါ် Nang Pu တို့ ကို မြစ်ကြီးနား မြို့နယ် တရားရုံးတွင် မေ (၁၆)နေ့ ပထမ အကြိမ် စစ်ဆေးခဲ့ပြီး မေ (၂၁)၊ (၂၈) နေ့များတွင်လည်း စစ်ဆေးခဲ့ပြီး ဖြစ်သည်။







