ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့်အချက်ကို ၂၁-ပင်လုံ တတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးမည် မဟုတ်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းပြောကြား

ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့်အချက်ကို ၂၁-ပင်လုံ တတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးမည် မဟုတ်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းပြောကြား

တပ်မတော်မှတောင်းဆိုထားသည့် နိုင်ငံတော်၏အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုမှ ခွဲထွက်ခြင်းမရှိစေရဆိုသည့် အချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ၂၁ - ရာပင်လုံတတိယအကြိမ်အစည်းအဝေးတွင်ဆွေးနွေးမည်မဟုတ်ဘဲချန်လှပ်ထားကာ ကျန်အရေးကြီးသော အကြောင်းအရာများကိုဆွေးနွေးမည်ဖြစ်ကြောင်းNCA တွင်လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဌဒေါက်တာဆလိုင်းလျန်မှုန်းကပြောကြားသည်။

မေလ ၃ဝရက်နေ့တွင်ပြုလုပ်ခဲ့သော အစိုးရတပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားပြုလုပ်ခဲ့သည့်အလွတ်သဘောဆွေးနွေးခဲ့သည်များကို ၎င်းကဇွန်လ ၁ ရက်နေ့တွင် CDES ရုံးခန်း၌ သတင်းမီဒီယာများကိုရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ခွဲထွက်ခွင့်နှင့်ပတ်သက်ပြီး တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်များကြား မည်သည့်အတွက်ကြောင့်သဘောထားကွဲလွဲနေသည်ကို ဒေါက်တာဆလိုင်းလျန်မှုန်းက ယခုကဲ့သို ့ရှင်းလင်းပြောကြားသည်။

၂၀၁၇ မေလက ကျင်းပခဲ့သည့် ၂၁-ပင်လုံဒုတိယအကြိမ်အစည်းအဝေးမတိုင်ခင်က နေရာ ၆နေရာတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးများပြုလုပ်ခဲ့ပြီး ရရှိလာသည့် အဆိုပြုလွှာများကို လုပ်ငန်းကော်မတီတွင်စုစည်းကာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူ းအဖွဲ့မှ တဆင့် UPDJC သို့တင်ပြခဲ့သည်။

''UPDJC ကိုတင်လိုက်တဲ့အခါအားလုံးအစဉ်ပြေတယ်။ အားလုံးအစဉ်ပြေတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေတောင်းဆိုတဲ့တန်းတူရေးရယ် ကိုယ်ပိုင်ပြဌာန်းခွင့်ရယ် ဖက်ဒရယ်အခြေခံမူ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲပြဌာန်းခွင့်အပါအဝင် ဖက်ဒရယ်အခြေခံမူပါ ကျွန်တော်တို့က ရတယ်" ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

တပ်မတော်ဘက်ကမူ ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးတို့ကိုပေးရန်အဆင်သင့်ဖြစ်ကြောင်း သို့သော် တပ်မတော်၏ စိုးရိမ်မှုကိုပြေပျောက်စေရန်အတွက် နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရန်ဆိုသည့်အချက်ကို တောင်းဆိုခဲ့သည်ဟုဆိုသည်။

''တပ်မတော်ဘက်ကတင်ပြလိုက်တာ တပ်မတော်သည် ၁၉၆၂ ကနေပြီးတော့သူတို့ကတော်လှန်ရေးကောင်စီတက်လာပြီးတော့ အဲဒီခေတ်ကတည်းကနေပြီးတော့ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးဆိုပြီးတော့ သူတို့အရိုးစွဲပြီးတော့ ပါလာတာဖြစ်တယ်။ ဖက်ဒရယ်ဆိုရင် သူတို့အနေနဲ့ အင်မတန်မှကြောက်တယ်။ခွဲထွက်ရေးလို့မြင်ခဲ့တယ်။ ဒါပေမယ့် အခုကတော့ဖက်ဒရယ်ကိုလည်းပေးဖို့အဆင်သင့်ဖြစ်တယ်။ပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်းပေးဖို့အစဉ်သင့်ဖြစ်တယ်။ပြီးတော့ တန်းတူရေးကိုလည်း ပေးဖို့အဆင့်သင့်ဖြစ်တယ်။ဒါပေမယ့် တပ်မတော်ရဲ့စိုးရိမ်မှုကိုပြေပျောက်စေဖို့အတွက်ဆိုပြီးတော့ သူတို့ ဘက်ကဘာတောင်းဆိုခဲ့သလဲဆိုတော့နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုထဲကနေ ခွဲထွက်ခြင်းမရှိစေရဆိုတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၀ ကိုသူတို့ပြန်ပြီးတော့ တောင်းဆိုတယ်'' ဟု၎င်းကပြောကြားသည်။

၂၀၁၇ မေလ ၁၂ရက်နေ့တွင် ပြုလုပ်ခဲ့သည့်UPDJC အစည်းအဝေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် တပ်မတော်၏ တောင်းဆိုချက်ကို အချင်းချင်းအပေးအယူလုပ်သည့်သဘောဟုသတ်မှတ်ကာ သဘောတူခဲ့သည်ဟု ဆိုသည်။

''ဒီသဘောတူပြီးသားကို ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံတင်ပြတဲ့အခါကျတော့ ကျွန်တော်တို့တိုင်းရင်းသားထဲက အထူးသဖြင့် အဲဒီတုန်းက RCSS ပေါ့။ RCSS အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရှိသေးတဲ့အတွက် ဒီလိုအရေးကြီးတဲ့သဘောတူညီချက်မျိုးကိုတော့ မပေးနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါမျိုးကတော့ ကိုယ့်လူမျိုးနဲ့ကိုယ့်ပြည်သူနဲ့တိုင်ပင်ပြီးမှပဲ သဘောတူညီချက်ရယူတာကောင်းတယ်ဆိုတော့ ဒါကို ကျွန်တော်တို့ သဘောတူညီချက်မရနိုင်ဘူး '' ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

တိုင်းရင်းသားများတောင်းဆိုသည့် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်အခြေခံမူထဲမှ အထူးသဖြင့် ပြည်ထောင်စုနှင့်ပြည်နယ်အာဏာခွဲဝေရေး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးစွဲတို့ကို ချန်လှပ်ထားရသလို တပ်မတော်တောင်းဆိုသည့်နိုင်ငံတော်၏အစိတ်အပိုင်းဟူသမျှတို့သည်ပြည်ထောင်စုမှခွဲထွက်ချင်းမရှိစေရဆိုသည့်အချက်ကိုလည်းချန်လှပ်ခဲ့ရကြောင်းယင်းအတွက်ကြောင့် လိပ်ခဲတည်းလည်းအခြေအနေဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ယင်း တစ်ဆို့မှုကို ကျော်လွှားနိုင်ရန်အတွက် NCA လက်မှတ်ရေးထိုးအဖွဲ့များက ၂၁-ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးရန်ကျန်ရှိသည့်အချက်များအပါအဝင် အခြားတောင်းဆိုချက်များကို အခြေခံမူ ၁၀ ချက်အဖြစ်ရေးဆွဲကာ အလွတ်သဘောဆွေးနွေးပွဲတွင် တင်သွင်းခဲ့သည်။ ယင်းသို့ တင်သွင်းရခြင်းမှာ ပြည်ထောင်စုမှ ခွဲထွက်ခြင်းမရှိစေရဆိုသည့်အချက်ကို နည်းလမ်းရှာပြီးကျော်လွှာရန် ဖြစ်သည်ဟု ဆိုသည်။

''သူတို့ပြောတဲ့ ခွဲမထွက်ရဆိုတာကတစ်ဘက် ကျွန်တော်တို့ပြောတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်အခြေခံမူက တစ်ဘက် ဒီနှစ်ခု တစ်ဆို့နေလိုက်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့မသွားဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်နစ်နာတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်နစ်နာတယ်။ လူထုလည်းနစ်နာတယ်။ အဲဒီအတွက်ကြောင့် ဒါကိုကျော်လွှားဖို့အတွက် တစ်ဆို့နေတဲ့ Package လို့ခေါ်တဲ့ အထုပ်လိုက်ဆွေးနွေးရမယ့်ဟာကို ခဏလေးထားမယ်။ လာမယ့်ညီလာခံမှာမဆွေးသေးဘူး။ ကျန်တဲ့အချက်တွေအများကြီးရှိတယ်။ဒါတွေကိုအရင်ဆွေးနွေးမယ်ဆိုပြီးကျွန်တော်တို့သဘောတူထားပါတယ်''ဟု ၎င်းကပြောသည်။

ဆက်လက်ပြီးဒေါက်တာဆလိုင်းလျန်မှုန်းက'' တစ်နည်းအားဖြင့်ပြောရရင် မတစ်ဆို့တဲ့ နှစ်ဖက်စလုံးသဘောတူညီနိုင်တဲ့ သဘောတူညီချက်တွေကို အရင်ရှာဖွေပြီးတော့ နောက်ဆုံးအဆင့်ကြမှ ခုနဟာကို ဆွေးနွေးဆိုတဲ့သဘောဖြစ်ပါတယ်။ တပ်မတော်ဘက်ကလည်း သူတို့ပြောတာကတော့ခွဲမထွက်ရကိစ္စကို ဆွေးနွေးကို ဆွေးနွေးရမယ်ဆိုပြီးပြောတယ်။ကျွန်တော်တို့ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးကိစ္စကိုဆွေးနွေးကိုဆွေးနွေး ရမယ်။သို့သော် ဒီကိစ္စက ကျန်တဲ့အပိုင်းတွေ တခြားသဘောတူညီနိုင်တဲ့အချက်တွေကိုအရင်သဘောတူညီမှုရှာပြီးမှပဲ ရှေ့ဆက်သွားတာကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ကျွန်တော်တို ့သဘောထားစုစည်းတာကတော့ ညီလာခံကို ဆက်ကျင်းပမယ်။ သို ့သော် အဲ့ဒီ Package ကြီးကို ခဏထားခဲ့မယ်ဆိုတဲ့ စုစည်းချက်ပေါ်လာတာဖြစ်ပါတယ်" ဟုဆိုသည်။

ထို ့ပြင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးကိုလည်း လာမည့်ဇူလိုင်လဆန်းပိုင်းတွင်ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...