ပထမဆုံး ကရင်ရိုးရာ အစားအစာဆိုင် ရန်ကုန်မြို့တွင် ဖွင့်လှစ်ရောင်းချတော့မည်

ပထမဆုံး ကရင်ရိုးရာ အစားအစာဆိုင် ရန်ကုန်မြို့တွင် ဖွင့်လှစ်ရောင်းချတော့မည်
by -
နန့်ဘွားခလိန်

တိုင်းရင်းသားရိုးရာ အစားအစာများထဲမှ လူသိနည်းနေသေးသည့် ကရင်ရိုးရာ အစားအသောက်များကို ပြန်လည် မြှင့်တင်ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ပထမဆုံး ကရင်ရိုးရာ အစားအစာ ဆိုင်ကို ဇွန်လ ၅ရက်နေ့မှစတင်ကာ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

နွန်တဲယါ့(အလံတော်) ကရင်ရိုးရာ အစားအစာဆိုင်ဟု အမည်ပေးထားသည့် ကရင်ရိုးရာအစားအစာဆိုင် ဖွင့်လှစ်ရ ခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်ဖွင့်လှစ်သူ စခွါခွါက “ကရင်အစားအစာ ရှိပေမယ့် လူတွေက မသိကြတော့ဘူး။ ဘယ်သူမှလည်း မရောင်းကြဘူး ။ အဲ့တာတွေ တွေ့ရတော့ ရင်ထဲမကောင်းဘူး ။ တစ်နေ့ နေ့တော့ ကရင်ရိုးရာ အစားအစာဆိုင် ဖွင့်ဖြစ်အောင်ဖွင့်မယ်။ ကရင်ရိုးရာ အစားအစာတွေကို  လူတွေ အကုန်လုံးသိအောင် ဖော်ထုတ်ချင် တဲ့ စိတ်နဲ့ ဒီဆိုင်ကို ဖွင့်ရတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မကြာမီဖွင့်လှစ်တော့မည့် နွန်တဲယါ့ ကရင်ရိုးရာအစားအစာဆိုင် ဖွင့်လှစ်နိုင်ရေးအတွက် ကရင်ပြည်နယ် ၊ မြစ်ဝကျွန်း ပေါ် စသည့် ကရင်လူမျိုးများနေထိုင်ရာ ဒေသများတွင်ရှိသည့် ကရင်ရိုးရာအစားအစာများကို အချိန်ကာလ ၆ လကျော် အောင် ရှာဖွေဖော်ထုတ်လေ့လာစုဆောင်းခဲ့ခြင်းဖြစ်ကြောင်းလည်း စခွါခွါက ဆက်လက်  ပြောကြားသည်။

မတ်လ (၈)ရက်နေ့က ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ အမျိုးသမီးများနေ့ (International Women Day ) တွင် ပထမဆုံးအကြိမ် ကရင်ရိုးရာ အစားအစာကို တစ်ရက်တာ စတင်မိတ်ဆက်ရောင်းချခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မဟာသုခိတာ (၇)လမ်းထိပ်တွင် နွန်တဲယါ့ ကရင်ရိုးရာ အစားအစာဆိုင်ကို ဇွန်လ ၅ ရက်နေ့မှ စတင်ကာ နံနက် ရနာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး(၁) မန်းသန်းဝင်းဦးက “ ကရင်လူမျိုး တွေအတွက် ဂုဏ်ယူစရာတစ်ခုပဲ။ ကိုယ့်ရိုးရာ အစားအစာကို  ဝိုင်းဝန်းပြီးတော့ ဖော်ထုတ်လို့ရတာပေါ့။ သူတို့အဲ့လို စလုပ်ပြီဆိုရင် ကရင်လူမျိုးတွေ နေထိုင်တဲ့ ဒေသအလိုက် ကရင်အစားအသောက်တွေ ရှိတဲ့အခါကျတော့ ဟင်းအမည်တွေ ၊ လုပ်ပုံ လုပ်နည်းတွေကို ဝိုင်းပြီး အချက်အလက် အကြံပေးလို့ ရတာပေါ့ ” ဟု ပြောသည်။

ထို့အပြင် ကရင်ရိုးရာအစားအစာများကိုလည်း တိုင်းရင်းသားအားလုံး ပိုမိုစိတ်ဝင်စားလာပြီး ကြိုက်နှစ် သက်သော ရိုးရာအစားအစာတစ်ခု ဖြစ်လာစေရန်  ကရင်လူမှုအဖွဲ့အစည်းများ ၊ ကရင်အရေးလှုပ်ရှားသူများက ကရင်ရိုးရာအစား အစာဆိုင်ကို ပို၍ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသင့်သည်ဟု ၎င်းက အကြံပေးပြောကြားသည်။

 

ကရင်ရိုးရာအစားအသောက်များနှင့်ပတ်သက်ပြီး နေရာဒေသအလိုက်၊ လူမျိုးစုအလိုက်၊ ရာသီအလိုက် ချက်ပြုတ်စားသောက်လေ့ရှိသည့် ကရင်ရိုးရာအစားအစာများစွာရှိသော်လည်း ကရင်ပြည်နယ်အပါအဝင် အခြားကရင်လူမျိုးများ နေထိုင်ရာဒေသများတွင် ထိုသို့ရိုးရာအစားအစာ သီးသန့်ရောင်းချသည့် ဆိုင်မှာ မရှိ သလောက်နည်းပါးကြောင်း ကရင်အရေး တက်ကြွလှုပ်ရှားသူများကလည်း ပြောဆိုသည်။ 

နွန်တဲယါ့ ကရင်ရိုးရာအစားအစာ ဆိုင်တွင် ရိုးရာ အစားအစာ အမျိုးအစားပေါင်း ၅၀ ကျော် ရှိသည့်အနက် လူသိများ သည့် ကရင်ရိုးရာတာလပေါ့ဟင်း အပါအဝင် ကရင်ချက် မြောင်းမြမုန့်ဟင်းခါး၊ ငါးကလေးဖက်ထုပ် မီးကင်၊ ဒါဟဲဖိုး ကရင်ငါးပိထောင်း၊ ကရင်တောင်ယာ သခွါးသီးသုပ်၊ ကရင်ဝက်သားတောချက်၊ ကရင်စကောဝိုင်းထမင်း၊ မျှစ်ဝက် သားပေါင်း ၊ ကရင်ငှက်ပျောဖူးသုပ် ၊ ကရင်လူပျိုကြီး ကြက်သားသုပ်၊ ကရင်ထမင်းပေါင်း၊ ကရင်ငါးဆုပ်ဆန် လှော်ဟင်း၊ ကရင်ငါးဆုပ်ကြော် စသည့် ရိုးရာအစားအစာများ ပါဝင်မည်ဖြစ်ပြီး ကျန်သည့် ကရင်ငါးရံ့ဆန်ပြုတ် အပါအဝင် ကရင်ရိုးရာ အစားအစာများကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...