ကရင်မူကြိုတန်းစာအုပ် ဖြစ်မြောက်ရေး ဖားအံတွင် ပြုစုဆွေးနွေး

ကရင်မူကြိုတန်းစာအုပ် ဖြစ်မြောက်ရေး ဖားအံတွင် ပြုစုဆွေးနွေး
by -
စောရှား

မူကြိုအရွယ် ကရင်ဘာသာ ပုံပြင်ရုပ်ပြစာအုပ် ရေးသားခြင်း၊ သင်ရိုးပြုစုခြင်း အလုပ်ရုံဆွေးနွေးပွဲ(Workshop) ကို မတ်လ ၁ရက် တွင် ဖားအံမြို့၊ သုမေဓါရာမကြားတောရကျောင်း၌ စတင် ပြုလုပ်ခဲ့သည်။

မတ်လ ရရက်နေ့အထိ ပြုလုပ်သွားမည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာန၏ အကောင်အထည်ဖော်မှုဖြင့် သက်ဆိုင်ရာ လူမျိုးအလိုက် ကလေးများအတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ပုံပြင်ရုပ်ပြစာအုပ် ဖြစ်မြောက်ရေး တာဝန်ခံ တစ်ဦးဖြစ်သူ စောယောင့်သာအဲဆန်က မတ်လ ၂ရက်တွင် ကေအိုင်စီသို့ ပြောသည်။

သူက “နိုင်ငံရဲ့ ပညာရေးအနေအထားက မူကြိုတန်းဆိုတာရှိပြီး ဘာသာစကားအားဖြင့် ဗမာလိုပဲ ပါတယ်။ ကလေးနဲ့ နိုင်ငံနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အကြောင်းအရာတွေကိုပဲ သင်တာ တွေ့ရတယ်။ ဒေသနဲ့၊ လူမျိုးနဲ့၊ ဒေသခံ ဘာသာစကားနဲ့ အံဝင်ခွင်ကျ ဖြစ်မည့် မူကြိုတန်း စာအုပ်လေးကတော့ မရှိသေးလို့ ရှိလာအောင် ဒီ Workshop လေး လုပ်ဖြစ်တာ”ဟု ပြောသည်။

ပထမဆုံးအကြိမ် ပြုလုပ်သည့် တစ်ပတ်ကြာမြင့်မည့် ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် မူကြိုပညာ တတ်ကျွမ်းသော ပုဂ္ဂိုလ်များမှ မူကြိုအရွယ်နှင့် အံဝင်ခွင်ကျ ဖြစ်သော အကြောင်းအရာများကို ကျောရိုးမူကြမ်းအချက်များ ချပေးခြင်း၊ ဝိုင်းဖွဲ့ဆွေးနွေးကာ သင် ရိုးပြုစုခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ထို့အပြင် ကရင်ဘာသာ ပုံပြင်ရုပ်ပြစာအုပ် ဖြစ်ပေါ်လာရေးအတွက် မိခင်(ကရင်)ဘာသာစကားနှင့် စာပေ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ပညာရေးဝန်ထမ်းဟောင်းများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များ၊ မူကြိုသင်ကြားသည့် အတွေ့အကြုံရှိ ဆရာ/မများ၊ စုစုပေါင်း ၁၄ဦးတို့က တာဝန်ယူ ပြုစုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုနောက်ပိုင်း ကရင်စာပေသင်ကြားရေး ပွင့်လင်းလာသည်နှင့်အမျှ ကရင်မျိုးနွယ်စုများမှလည်း သက်ဆိုင်ရာ ဘာသာစကား အလိုက် သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များကို အဆင့်ပိုမြင့်ကာ သင်ကြားပေးနိုင်ရေးအတွက် အသီးသီးသော ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ပညာရှင်များက ကြိုးပမ်းလုပ်ဆောင်နေကြသည်။

ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ(၂) မန်းဝင်းမောင်က “အနောက်ပိုးမှာတော့ မူကြိုတော့ မရှိ သေးဘူး။ KG နဲ့ ပထမတန်းဖတ်စာသစ်တော့ ပြုစုပြီးသွားပြီ။ ဝန်ကြီးဌာနကို တင်ထားသေးတယ်။ မကျသေးဘူး။ ဒါကြောင့် နဂို အဟောင်းအတိုင်းပဲ ဆက်သင်ရမယ့်သဘော ရှိတယ်”ဟု ပြောသည်။

ယခုပြုလုပ်နေသည့် ကရင်မူကြိုတန်းပုံပြင်ရုပ်ပြစာအုပ်တွင် အရှေ့ပိုးကရင်ဘာသာစာပေဖြင့် ပုံပြင်၊ ရုပ်ပြ၊ ကဗျာများ ပါဝင်မည် ဖြစ်ပြီး ကရင်ကလေးသူငယ်များသာမက ကရင်ပြည်နယ်အတွင်းရှိ အခြားသော ကလေးသူငယ်များပါ သင်ယူနိုင်သည့် သင်ရိုး ညွှန်းတမ်းများဖြင့် ရည်ရွယ်ပြုစုနေကြောင်း စာအုုပ်ဖြစ်မြောက်ရေး တာဝန်ခံများက ပြောဆိုသည်။

သက်ဆိုင်ရာ လူမျိုးအလိုက် သုံး လေးနှစ်အရွယ် မူကြိုကလေးနှင့် အံဝင်ခွင်ကျဖြစ်မည့် အဆိုပါစာအုပ်ကို လူမှုဝန်ထမ်းဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပြီး UNICEF မှ ငွေကြေးအကုန်ကျခံကာ ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...