“စာအုပ်တွေ ကျောင်းသုံး စာအုပ်တွေ၊ ကျောင်းစိမ်း ကျောင်းဖြူ အားလုံးပေါ့။ ကျနော်တို့လည်း ကျောင်းစိမ်း ကျောင်းဖြူ မရတဲ့ကလေးတွေကျတော့ စျေးဆိုင်ရောင်း တဲ့ သူတို့ဆီမှာ အလှူရှင်တွေ လိုက်ရှာ ပေးပြီးတော့မှ လုံးဝ အဆင်မပြေတဲ့သူတွေကျတော့ အဲလိုမျိုး အလှူရှင် ရှာပြီးမှ သူတို့ကို ကူညီပေးနေတာ ဟုတ်တယ်။” ဟု တနိုင်းမြို့ရှိ စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးနော်တောင်မှ ပြောသည်။
စစ်ရှောင်ကျောင်းသားများကို တနိုုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိကျောင်းများတွင် ယာယီလက်ခံပေးထားခြင်း ဖြစ်သည်ဟု ဦးနော်တောင်က ဆက်ပြောသည်။
“သူတို့ကို ယာယီပဲ လက်ခံထားပေးတယ်လို့ ပြောပါတယ်။ ပညာရေးဌာနက ယာယီ နာမည်စာရင်း အနေနဲ့ စည်းကမ်းထုတ်ပြီးမှ လက်ခံထားပေးတယ်လို့ ပြောပါတယ် ခင်ဗျား။ ဒီနှစ်တစ်နှစ်လုံး ဒီမှာတက်မယ့် ကျောင်းသားနဲ့ ယာယီနာမည်စာရင်းဆိုပြီးမှ နှစ်ခုခွဲပြီးမှ ကျနော်တို့ နာမည်စာရင်းသွင်းတာ ဟုတ်တယ်ခင်ဗျား။ ၂ ဖွဲ့ ဖြစ်သွားမှာပေါ့။”
စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများမှာ မူလတန်း နှင့် အလယ်တန်းကျောင်းသူ၊ ကျောင်းသား အများစု ဖြစ်ပြီး ၎င်းတိုအား တနိုင်းမြို့ပေါ် ရှိ အထက်တန်းကျောင်း၊ ဂင်ခါးရာကျေးရွာရှိ အလယ် တန်းကျောင်းနှင့် ဒူကောင်းကျောင်းရွာရှိ မူလတန်းလွန်ကျောင်း အစရှိသည့် အစိုးရ စာသင်ကျောင်းများတွင် အပ်နှံထားသည်ဟု ဒေသခံများမှ ပြောသည်။
စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူများအား လူသားချင်း စာနာသည့် စိတ်ဖြင့် အဖွဲ့အစည်း အသီးသီးမှ ၀ိုင်းဝန်းကူညီပေးရန် အကူအညီပေးသော အဖွဲ့များက ပန်ကြားထားသည်။
“ကျနော်ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ လူတွေကို အစိုးရကပဲဖြစ်ဖြစ် အလှူရှင်တွေကပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် အားလုံးက လူသားချင်း စာနာတဲ့စိတ်နဲ့ဒုက္ခရောက်နေတဲ့ လူတွေအားလုံးကို ၀ိုင်းပြီးမှ ဟိုရွှေ့ရမယ် ဒီရွှေ့ ရမယ်ဆိုတဲ့ ဟာမျိုး သူတို့ကိုထပ်ပြီးမှ ဒုက္ခပေးတာမျိုး မဟုတ်ပဲနဲ့ အားလုံးက လူသားချင်းစာနာတဲ့ စိတ်နဲ့ သူတို့ကို ၀ိုင်းပြီးတာ့မှ ရေရှည်အတွက် အဆင်ပြေအောင် ၀ိုင်းပြီးမှ ကူညီ သွားကြရင်တော့ ပိုပြီးမှ ကောင်းတယ်လို့ ကျနော်အနေနဲ့ပြောချင်တယ်” ဟု ဦးနော်တောင်မှ ပြောသည်။
အလားတူ စစ်ရေးတင်းမာနေသည့် တနိုင်းဒေသအတွင်း ဆန်၊ အခြေခံအစားအစာနှင့် လောင်စာဆီ တင်သွင်း မှုများအား ကန့်သတ်ထားမှုကြောင့် ကုန်စျေးနှုန်းများ မြင့်မားနေပြီး စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူ အညီများ လိုအပ်နေသည်ဟု တနိုင်းဒေသခံ တစ်ဦးက ပြောသည်။
“ဆန်တွေ ဆီတွေက လာလှူမယ့်လူတွေရှိတယ် အခက်အခဲက သယ်ခွင့်မရှိတာ။ ရန်ကုန်က အလှူရှင်တွေကလည်း ဆန်အိတ် ၄၀၀-၅၀၀ လောက်လာလှူဖို့ရှိတယ်။ အခုက ပြည်နယ်အစိုးရနဲ့ ညှိနေရတာ။ အခုကလည်း ဆန်တွေ စျေးတွေကလည်း တက်တယ်ဆိုတော့ ဆန်ကတော့ လေးသောင်းကနေ ငါးသောင်းဝန်းကျင်လောက် ပေါက်နေတယ်။ ဓါတ်ဆီကတော့ တစ်ဂါလံ လေးထောင်ကျော်တဲ့” ဟု တနိုင်းဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တနိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
တနိုင်းမြို့ ရှိ ခရစ်ယာန် ဘုုရားကျောင်းများတွင် လာရောက်ခိုုလှုံနေသော စစ်ဘေးရှောင် စုစုပေါင်း ၈၇၅ ဦးရှိပြီး ကချင်နှစ်ခြင်း ဘုရားကျောင်း (ကေဘီစီ) တွင် ၅၀၅ ဦး၊ ရိုမန်ကက်စလစ် (အာလ်စီ) ဘုရားကျောင်းတွင် ၁၅၃ ဦး၊ အေဂျီဘုရားကျောင်းတွင် ၂၀၁ ဦး နှင့် အင်္ဂလီကန် ဘုရားကျောင်းတွင် ၁၆ ဦး တို့ဖြစ်သည်။
မြန်မာအစိုုးရက နယ်မြေရှင်းလင်းရေး လုုပ်မည်ဟုု လေယာဉ်ဖြင့် စာများကျဲချပြီး ကျေးရွာ အချို့ အနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံများ စစ်ဘေးရှောင်တိမ်း လာကြခြင်း ဖြစ်သည်။







