တန်တူအခွင့်အရေးရှိမှ ၂၁ ပင်လုံုတက်မည်ဟုု TNLA အဖွဲ့မှ ပြောဆိုု

တန်တူအခွင့်အရေးရှိမှ ၂၁ ပင်လုံုတက်မည်ဟုု TNLA အဖွဲ့မှ ပြောဆိုု
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါ၀င်ပြီး တန်းတူညီတူ ပါ၀င်ဆွေးနွေး ဆုံးဖြတ် ခွင့်ရှိသည့် ဖိတ်ကြားမှုမျိုးဆိုပါက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ဒုတိယ အကြိမ် ၂၁ ရာ စု ပင်လုံညီလာခံ(ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည်ဟု ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA တအာင်း (ပလောင်) အမျိုး သားလွတ်မြောက်ရေး တပ်မတော် က ပြောသည်။

“ကျနော်တို့ လောလောဆယ်ရှိတဲ့ ကျနော်တို့ ပေါ်လစီအရတော့ ၂၁ ရာစုပင်လုံနဲ့ ပတ်သက်လာပြီ ဆို ရင် တကယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အကုန်လုံးကို တန်းတူညီတူရှိရှိ ဖိတ်မယ်။ ကျနော်တို့ ဆွေးနွေးခွင့်ရှိမယ် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါ၀င်ခွင့်ရှိမယ် အားလုံးကို ဖိတ်မယ်ဆိုရင် ကျနော်တို့လည်း တက်ဖို့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲလို မဟုတ်ပဲနဲ့ ဟိုအဖွဲ့ချန် ဒီအဖွဲ့ချန် လေ့ လာသူအနေနဲ့ပဲ ဖြစ်ဖြစ် အဲလိုတွေ တန်းတူညီတူ မရှိဘူးဆိုရင်တော့ ကျနော်တို့ တက်နိုင်မှာ မဟုတ်ပါ ဘူး။” ဟု PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် မှ ပြောသည်။

ယခုကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးစာချုပ် NCA လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား အထူး ဖိတ်ကြားသူများအဖြစ် ဖိတ်ကြားမည် ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေး သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို အထူးဖိတ် ကြားသူများအဖြစ် သတ်မှတ်ဖိတ်ကြားမည်ကို လာမည့် ရက်သတ္တပတ်အ ကြာတွင် ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆက်လက် ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

PSLF/TNLA တပ်ဖွဲ့နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည် ပြောဆိုုသည့် NCA စာချုပ် လက်မှတ်ရေးထိုးပြီးမှ ၂၁ ရာစု ပင်လုံညီလာခံ သို့ ပါ၀င်လာဖို့ ဆိုသည် မှာ လက်တွေ့ကျသည့် နိုင်ငံရေးအဖြေ မဖြစ်နိုင်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော် မှ ဆက် ပြောသည်။

“ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ လက်ရှိအနေအထားအရ တိုက်ပွဲတွေ ကျနော်တို့ ဖက်မှာ ပြင်း ထန်နေတယ်။ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ ပြင်းထန် နေတယ် ဒီအခြေအနေ အောက်မှာ အခု ဒေါ်အောင်ဆန်းစုကြည်တို့ ပြောတဲ့ NCA ကို ထိုးပြီး ၂၁ ရာစုပင်လုံညီလာခံမှာ လာရောက် ပူးပေါင်းဖို့ ဒီလို သက်သက်ဖိတ်ခေါ်မှုဟာ လက်တွေ့ကျတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု မဖြစ်နိုင်ဘူး။ လက်တွေ့ကျ တဲ့ နိုင်ငံရေးအဖြေ မဖြစ်နိုင်ဘူးလို့ ကျနော်မြင်ပါတယ်။”

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ကျင်းပသည့် ပထမ အကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက် မှတ် ရေးထိုးမထားသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့ တက်ရောက်ခဲ့သည်။

ထိုုညီလာခံတွင် စာတမ်းများ ဖတ်ကြား တင်သွင်းခွင့်ရရှိခဲ့သော်လည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် များဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) အဖွဲ့တို့ တက်ရောက်ခွင့် မရရှိခဲ့ပေ။

ပထမအကြိမ် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ နှင့် လက်မှတ်မရေး ထိုးရသေးသည့် ကရင်နီအမျိုးသား တိုုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ “၀” ပြည် သွေးစည်းညီညွှတ်ရေးပါတီ တို့ တက်ရောက်ခဲ့ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...