နမ့်ဆန်မြို့နှင့် နှစ်မိုင်အကွာခန့်ရှိ ဟိုချောင်းကျေးရွာအတွင်း ပဌာန်းပွဲပြုလုပ်နေစဉ် ယနေ့မွန်းလွှဲပိုင်းအချိန်၌ လက်နက်ကြီးကျည်ဆံများ ကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးကပြောသည်။
“နေ့လည်တစ်နာရီခွဲ နှစ်နာရီလောက်ကပေါ့နော် လက်နက်ကြီးကျတော့ပေါ့နော် အိမ်တစ်လုံးက ပျက်ဆီးသွားတယ်။ လူနှစ်ယောက်ကတော့ သေသွားတယ်ပေါေ့နာ်။ ပွဲချင်းပြီးသေသွားတာက အသက် (၄၂) နှစ်ရယ်။ တစ်ယောက်ကတော့ ကလေး (၈) နှစ် အရွယ် ကလေးတစ်ယောက်ပါတယ်။ ကလေး ကတော့ လမ်းမှာ ဆုံးသွားတာပေါ့နော်။ ကျန်တဲ့ ရှစ်ယောက်ကတော့ နမ့်ဆန်ဆေးရုံကနေ အခု လားရှိုးဆေးရုံကို လွှဲလိုက်ပြီပေါ့နော်။ အခုသူတို့ လမ်းမှာပဲရှိသေးတယ်။ လားရှိုးမရောက်သေးဘူး။ ထိခိုက်ဒဏ်ရာရတာ ရှစ် ယောက် ပေါ့နော်။ နှစ်ယောက်ကတော့ သေသွားပြီ။” ဟု နမ့်ဆန်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် နေရာအချို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေသည်။
အဆိုပါလက်နက်ကြီးကျည်ဆံများမှာ အစိုးရစစ်တပ်၏ အခြေချရာဒေသဘက်မှ ပစ်ခတ်လာမှုကြောင့် ကျေးရွာ ထဲသိုု့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဟိုချောင်းကျေးရွာထဲသိုု့လက်နက်ကြီးကျည်ဆံ ငါးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံလူထုများ ထိခိုက် သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော် က ပြောသည်။
“တိုက်ပွဲတော့ မရှိဘူးဗျ။ ဒါပေမယ့် ဟို လူနာလာပို့တဲ့ ဟိုချောင်းရွာက လူပြောပြတာက စေတီကုန်းဘက်က လက်နက်ကြီးကျတယ်ပေ့ါ။ စေတီကုန်းဘက်မှာက မြန်မာစစ်တပ်ပဲ ရှိတာဗျ။ ဒီနေ့လည် တစ်နာရီခွဲပေါ့၊ အဲ့မှာ လက်နက်ကြီးတွေ (၅) လုံးကျတယ်၊ အဲ့ဒီ ဟိုချောင်းရွာမှာလေ။ ဒါနဲ့ တစ်လုံးက ဦးငြိမ်းချမ်း အိမ်မှာကျလိုက် တော့ သူတို့မိသားစုတွေ ထိတာပေါ့။ သူတို့မိသားစုက နှစ်ယောက်သေတာပေါ့ဗျာ။ နှစ်ယောက်သေပြီး ရှစ် ယောက် ဒဏ်ရာရတယ်ဗျ။ အခု နမ့်ဆန်ဆေးရုံကနေ ရှစ်ယောက်လုံးကို လားရှိုးဆေးရုံပို့လိုက်ပြီ။” ဟု ဦးသိန်းဇော် က ပြောသည်။
ဇန်နဝါရီ (၁၂) ရက်နေ့တွင် ကျရောက်သည့် (၅၄) ကြိမ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အတွက် လုံခြံုယူထားသည့် တအာင်းလက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ်မတော်တို့ နှစ်ဖက်ရင်ဆိုုင်တွေ့ဆုံုမှု ဖြစ်ပွားခဲ့ပြီး ယခုုလိုု ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ က ပြောသည်။
“ဖြစ်စဉ်က ဒီလိုပါဗျာ၊ ဆယ့်နှစ်ရက်နေ့မှာ TNLA ရဲ့ (၅၄) ကြိမ်မြောက် တော်လှန်ရေးနေ့ပေါ့ဗျာ၊ အဲ့ဒီ တော်လှန် ရေးနေ့က နမ့်ဆန်မှာ ကျင်းပဖို့ သူတို့အစီအစဉ်ဆွဲတဲ့အချိန်၊ နမ့်ဆန်နဲ့ မိုးမိတ်ကြားမှာ အဲ့ဒီမှာ တော်လှန်ရေး အခမ်းအနား ကျင်းပဖို့လုပ်တဲ့အချိန်မှာ တပ်က သူတို့ကို ဝင်ရမ်းလိုက်တယ်။ တပ်က သူတို့ပွဲကို ဝင်ရမ်းလိုက်တဲ့ အခါကြတော့ သူတို့က မြို့ဘက် လှည့်လာခဲ့တာဗျ။ ဒါပေမယ့် မြို့တော့ မရောက်ဘူး။ မြို့ရဲ့ အဝင်က ရွာတစ် ရွာမှာ ခဏဝင်နားလိုက်တယ်။ ဝင်နားတဲ့အချိန် သတင်းတွေက လျှောက်တက်နေတယ်ဗျ။ ပြီးတော့ တိုက်ပွဲတွေ က ကြိုကြားကြိုကြား ဒီလိုပဲ ဖြစ်တာဗျာ။” ဟု ဦးသိန်းဇော် က ပြောသည်။
ဟိုချောင်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ တအာင်းဒေသခံ ပြည်သူများ အနေဖြင့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားသို့ သွားကြရန် လူစုနေသည်ဟု ထင်ကာ မြန်မာ့တပ်မတော် မှ ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဇန်နဝါရီ (၁၂) တွင် PSLF/TNLA ၏ သတင်းပြန်ကြား ရေး facebook အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ဒေသခံရွာသားများနေထိုင်ရာ ကျေးရွာများအတွင်း ယခုကဲ့သို့ တိုက်ပွဲများဖြစ်ခြင်း၊ ပစ်ခတ်မှုများ ဖြစ်ခြင်းနှင့် လက်နက်ကြီးကျည်ဆံ များကျရောက်ပေါက်ကွဲခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း ဒေသခံများက ပြောဆိုုသည်။
တအာင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မိုင်းမျိုးအောင်က “သေချာတာတခုကတော့ မြို့တွေ ရွာတွေ နားမှာ ဖြစ်တာတော့ မဖြစ်သင့်ဘူးပေါ့နော်။ လက်နက်ကြီးတွေ ပစ်တာတွေ မဖြစ်သင့်ဘူးပေါ့နော်။ လူထုကို ထိ ခိုက်တာမျိုးတွေလည်း မဖြစ်စေချင်ဘူးပေါ့နော်။ ဒါက ဒီတစ်ခေါက်ဆိုရင် ဆိုးဆိုးရွားရွားဖြစ်တာပေါ့နော်။ လက် နက်ကြီးကြောင့် အိမ်တွေထိခိုက်တာ၊ လူတွေထိကုန်တာ။” ဟု ပြောသည်။
အလားတူ နမ့်ဆန်မြို့နယ်အတွင်းရှိ ဆမ်ငါမ်ကျေးရွာအနီးတစ်ဝိုုက်ကို အစိုးရတပ်မတော်မှ ရဟတ်ယာဉ်(၂)စီး ဖြင့် ယနေ့ ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ထိန်းချူပ်နယ်မြေဖြစ်သည့် တပ်မဟာ(၂) နယ်မြေ၌ ယနေ့ မနက်ပိုုင်းတွင် PSLF/TNLA ဗဟိုမှ ဦးစီးကျင်းပသည့် (၅၄) ကြိမ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်း အနားကို အစိုးရတပ်မတော်မှ လက်နက်ကြီးများ အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည့်ကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု PSLF/TNLA ၏ သတင်းပြန် ကြားရေး ဌာနမှ ဇန်နဝါရီ (၁၂) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။







