မုံးကိုးနေရပ်ပြန် စစ်ရှောင်များ အရေးပေါ်အကူအညီ လိုအပ်

မုံးကိုးနေရပ်ပြန် စစ်ရှောင်များ အရေးပေါ်အကူအညီ လိုအပ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသရှိ နေရပ်ပြန် စစ်ရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေး အပြင် ရာသီဥတု အလွန်အေးနေသည့်အတွက် အဝတ်အထည်များနှင့် စောင်များ အရေးပေါ် လိုအပ် နေသည်ဟု သိရသည်။

“အခုပြန်ရောက်လာတဲ့ လူတွေကိုတော့ ပြန်လည်ထူထောင်ရေးကို ပြန်ပြုပေးနိုင်ရင်တော့ ပိုပြီး အကောင်းဆုံးဖြစ်ပါတယ်။ အစိုးရကလည်း အခုလောလောဆယ်ကတော့ ဘာမှ မပြောသေးဘူး။ စာရင်း တွေကတော့ လိုက်ယူနေပါတယ်။ ဒါပေမဲ့လည်း လုပ်ပေးမလား မလုပ်ပေးမလား မသိတော့ ဘူး။ ဒီ အစိုးရနဲ့ ပတ်သက်တဲ့ ကျောင်းတွေတောင် ပျက်ဆီးနေတော့ ပြည်သူလူထုရဲ့ အိမ်တွေကတော့ လောလောဆယ်တော့ ကျနော်သိသလောက်ဆိုရင်တော့ ချက်ချင်းကတော့ ကူညီပေးနိုင်မယ် မထင် ဘူး။” ဟု မုံးကိုး ဒေသခံ တစ်ဦးမှ ပြောသည်။

နေရေးထိုင်ရေး၊ စားဝတ်နေရေးအပြင် အဝတ်အစားများနှင့် စောင်များလည်း လိုအပ်လျက်ရှိပြီး နေရပ် ပြန် စစ်ဘေးရှောင် ပြည်သူများအား မည်သည့် လူမှုအသင်းအဖွဲ့မှ လာရောက် ကူညီထောက်ပံ့မှု မရှိသေးဟု သိရသည်။

တရုတ်-မြန်မာနယ်စပ် တရုတ်နိုုင်ငံဖက်ခြမ်း မန်ဟိုင်းမြို့ မှ မုံးကိုးဒေသသို့ ပြန်လည်ရောက်ရှိလာသော စစ်ဘေးရှောင် ပြည်သူများ၏  နေအိမ်များ၊ အဆောက်အဦများနှင့် စပါးကျီများသည် တိုက်ပွဲကြောင့် မီးလောင် ပျက်ဆီးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းအပြင် တောထဲသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ခက်ခဲသည့် အတွက် နေရေးထိုင်ရေးနဲ့ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

“အိမ်တွေလည်း မီးရှို့ စပါးတွေလည်း မီးရှို့ပစ်လိုက်ဆိုတော့ အိုးမဲ့ အိမ်မဲ့ဖြစ်နေတာ တစ်ချို့တွေ ကတော့ လေယာဉ်ဗုံးကြဲပြီးတော့ အမြောက်ကျည်ဆံ ထိမိတဲ့ အိမ်တွေလည်း လေယာဉ်ဗုံး ထိတဲ့ အိမ်တွေ လည်း ပျက်ဆီးကုန်လို့ တစ်ချို့ကတော့ အိမ်အဆင်မပြေ ဖြစ်နေတယ်။ လုပ်ကိုင် စားဖို့က အခုအချိန် ဘယ်မှာသွားဖို့လည်း အလုပ်လည်း ဘယ်သူမှ မခေါ်ဘူး။ တရုတ်ပြည်လည်း ခန သွားလို့ မရဘူး။ ရွာမှာလည်း ဘယ်သူမှ အလုပ်မလုပ်နိုင်ဘူး ဆိုရင်တော့ တစ်နေ့ပြီး တစ်နေ့ ရှာစားတဲ့လူတွေက တော့ ပိုပြီး အခက်အခဲ ဒုက္ခရောက်နေပါတယ်။” ဟု မုံးကိုး ဒေသခံ တစ်ဦးမှ ပြောသည်။

တိုက်ပွဲကာလအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ဗုံးများရှိနေနိုင်သေးသည့်အတွက် တောတောင်ထဲသို့ အလုပ်သွားမလုပ်ကြရန် အစိုးရမှ သတိပေးထားကြောင်းသိရသည်။

"အခုဒီမှာကတော့ ဒီတစ်လော ဆိုရင် ကြံခုတ်ချိန်လည်း ရောက်လာပြီ။ ဒါပေမဲ့လည်း တောကိုသွားဖို့ လည်း ကြံခင်းကို သွားဖို့လည်း မလွယ်ဘူး။ ဘာဖြစ်လို့ မလွယ်ဘူးဆိုရင် ဒီ ဟိုတစ်လော ပစ်တဲ့ဗုံးတွေ မအောင်လို့ မကွဲတာတွေလည်း မိုင်းရှင်းဖို့ လိုနေသေးတယ်။ အစိုးရကလည်း အဲကြောင့် မသွားခိုင်းဘူး။" မုံးကိုး နေရပ်ပြန် စစ်ရှောင် တစ်ဦးမှ ပြောသည်။

နေရပ်ပြန် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် နေထိုင်ရန် အိမ်မရှိတော့သည့်အတွက် မီးလောင် ပျက်ဆီးသွားသည့် အိမ်နေရာတွင် မိုးကာဖြင့်ကာရံ၍ နေထိုင်ရကြောင်း၊ စားသောက်ရန်အတွက် ဆွေမျိုးများနှင့်အတူ ခွဲဝေစားသောက်နေရကြောင်း၊ နေ့စားအလုပ်လုပ်မည်ဆိုပါက အလုပ်ပုံမှန်မရှိ သည့်အတွက် အခက်အခဲများ ကြံုနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)၊ နှင့် မြန်မာအမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့ပါ၀င်သည့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ်တပ် ပေါင်းစုနှင့် မြန်မာ အစိုုးရ တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မုံးကိုးဒေသရှိ ပြည်သူများသည် တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ်နိုင်ငံဖက်ခြမ်း မန်ဟိုင်းမြို့သို့ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးခို လှုံခဲ့ကြသည်။

သို့သော် မြန်မာတပ်မတော်မှ မုံးကိုးဒေသအား ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မုံးကိုးဒေသခံများ အား မုံးကိုးမြို့သို့ ပြန်လည်နေထိုင်စေခဲ့ပြီး တရုတ်အစိုးရမှလည်း မပြန်မနေရ ဆိုသည့်အတွက် ပြန်၍ရောက်ရှိ နေထိုင်ခဲ့ကြခြင်းဖြစ်သည် ဟုသိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...