နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပန်ဆိုင်းဒေသအတွင်းရှိကျေးရွာများမှ ဒေသခံများအား မြန်မာ့တပ်မတော်မှ လက်ရှိနေထိုင်နေသည့် နေရာများမှ အမြန်ဆုံးထွက်ခွာကြရန် ပြောလာသည့်အတွက် တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးနေကြရသည်ဟုဒေသခံများကပြောသည်။
“ဒီနေ့လည်းသေနတ်သံတွေ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်။ တောင်ပေါ်ရွာကလူတွေလည်းအားလုံးဆင်းလာပြီ။ စစ်တပ်ကအားလုံးနေရာယူထားတယ်။ဒုက္ခသည်ကအစက နှစ်ထောင်ကျော် စာရင်းရတယ်။ တနေ့ကရောမနေ့ကရောနဲ့ဆိုသုံးထောင်ကျော်ပြီ။ ဒီနေ့တောင်ပေါ်တွေကထပ်ရောက်တော့ လေးထောင်လောက်ပေါ့။ စာရင်းတော့ အတိအကျမရသေးဘူး။”ဟုပန်ဆိုင်းဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များသည် တရုတ်နိုင်ငံနယ်စပ်မြို့ ၀မ်တိန်မြို့သို့ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။
“ဒုက္ခသည်ကတော်တော်များတယ် ခန့်မှန်းခြေ ၄၀၀၀ လောက်တော့ရှိတယ် ဒီဖက်မှာတော်တော့ကိုများတယ်။ မနေ့ကအကုန်လုံးပြေးဝင်လာကြတယ်။ ဟိုဘက်မှာကလူမရှိကြတော့ဘူး။ ကိုယ့်အိမ် ကိုယ်စိတ်မချလို့ ခနသွားကြည့်လိုက် ပြေးလာလိုက်၊ ခနသွားကြည့်လိုက် ပြေးလာလိုက် အဲ့လိုပဲရှိတာ။"ဟု ကြူကုတ်-ပန်ဆိုင်းဒေသမှ ထွက်ပြေးတိမ်းရှောင်လာသူကိုထွန်းသိန်းကပြောသည်။
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာအမျိုးသားများဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် မြန်မာ့ တပ်မတော် တို့ကြားတိုက်ပွဲများ ဖြစ်ပွားနေသည်မှာယနေ့ အချိန်ထိပင်ဖြစ်သည်။
"မနေ့ကပစ်ကြခတ်ကြတော့ ဆင်းပြေးကြတာ။ နည်းနည်းငြိမ်တဲ့ဘက်ကိုဆင်းပြေးကြတာ။ ဆယ်မိနစ်ပစ် လိုက် နားလိုက် ခနနေ ပြန်ပစ်လိုက်။ တောက်လျှောက်ကြီးပစ်နေတာမဟုတ်ဘူး။ ရပ်လိုက်ပစ်လိုက်နဲ့ ပစ်နေတာ နှစ်ရက်သုံးရက်ရှိပြီ။ နောက် ရဲစခန်းဘက်ပေါ့ ပစ်တာခတ်တာများလာတော့ တရုတ်ဘက်ကိုထွက်ပြေးလာကြတာ။”ဟု ကိုထွန်းသိန်းကဆက်ပြောပြသည်။
တရုတ်-မြန်မာနယ်စပ်ရှိ ၀မ်တိန်မြို့တွင် တရုတ်အစိုးရဖက်မှ ဒုက္ခသည်စခန်းဖွင့်ပေးထားပြီးဒုက္ခသည်များ၏ စားရေး၊သောက်ရေး၊ နေရေးထိုင်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပြုလုပ်ပေးထားသည်။
တရုတ်မြန်မာနယ်စပ် ၀မ်တိန်မြို့တွင် အလုပ်လုပ်နေသူတစ်ဦးက"တရုတ်ဘက်ခြမ်းဝမ်တိန်ဘက်မှာကားလမ်းဘေးမှာဟိုမိုးကာတွေနဲ့ ယာယီတဲလိုမျိုးတွေနဲ့ နေရာလုပ်ပေးတာပါ။ သူတို့ကထမင်းထုပ်လည်းဝေတယ်။ စောင်တွေဘာတွေ အိပ်စရာတွေလည်းပေးတယ်။ဒီနေ့ နေ့လည် ၂ နာရီကျော်ကျော် လောက်ကလည်းလက်နက်ကြီးသံ ၄ ချက်လောက် ထပ်ကြားရတယ်။ ကျမတို့ အခုဒီဖက်ကနေလည်းသေနတ်သံတွေ ကြားနေရတုန်းပဲ။ ပစ်လိုက် ရပ်လိုက်ပဲ။ တရုတ်ဘက်ခြမ်းကိုရောက်လာတဲ့ ဒုက္ခသည်တွေကိုပန်ဆိုင်းဘက်ကို တရုတ်ဘက်က ပြန်မပေးထွက်ဘူး။ "ဟုပြောသည်။
မြန်မာပြည် မြောက်ပိုင်းမဟာမိုင်တပ်ပေါင်းစု နှင့် မြန်မာ့တပ်မတော်တို့ကြားယနေ့ နံနက် ၂ နာရီအချိန်တွင် ကြူကုတ်-ပန်ဆိုင်း၊ နမ့်တောင် တောင်ကြား၊ အေးရှားဝေါလ်ဂိတ်အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင်။ ယနေ့နံနက် ၆ နာရီအချိန်တွင်လည်း ၁၀၅ မိုင် အနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြန်မာပြည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှလည်း နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့စွဲဖြင့် ရှမ်းပြည် နယ် အရှေ့မြောက်ဒေသအတွင်း ဖြစ်ပွားနေသောလက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်းသည့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီးထုတ်ပြန်ချက်ထဲတွင် လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြခြင်းကြောင့် ပြည် တွင်းစစ် အဓွန့်ရှည်ကာ နိုင်ငံနှင့်ပြည်သူများလည်းဆိုးကျိုးများရရှိခံစားခဲ့ရပြီးအခြားနိုင်ငံများအောက် နောက် ကျ ကျန်ရစ်ခဲ့ရသည်မှာ နှစ်ပေါင်း ရ၀ နီးပါး ကြာမြင့်ခဲ့ပြီးဖြစ်သည်ဟုပါရှိသည်။
ထို့အပြင် ပြည်သူများလိုလားတောင့်တလျက်ရှိသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ( ၂၁ ) ရာစုပင်လုံသည် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ကြောင်း၊ ထို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်သင့် ပါ၀င်ထိုက်သူအားလုံး ပါ၀င်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတံခါးများဖွင့်လှစ် ထားပြီးတန်းတူရည်တူ ပါ၀င်နိုင်ရေးအတွက် ကြိုဆိုဖိတ် ခေါ်လျက်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ရပ်ဆိုင်း နိုင်ရေးအတွက် Nationwide Ceasefire Agreement (NCA) ကိုလက်မှတ်ထိုးရန် လိုအပ်လျက်ရှိသည်ဟုထုတ်ပြန် ချက်ထဲတွင် တိုက်တွန်းထားသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာယနေ့အချိန်အထိရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများ၏ စားဝတ်နေရေး၊ သွားရေးလာရေးခက်ခဲလာသည့်အပြင် တရုတ်နိုင်ငံသို့၄င်း၊ နီးစပ်ရာ မြို့များသို့၄င်း ထွက်ပြေးတိမ်းရှောင်ကာဒုက္ခသည်များအဖြင့် ခိုလှုံနေကြရသည်။







