ဒေသတွင်းတိုုက်ပွဲများကြောင့် ပလောင်ပြည်သူများဝမ်းရေး ခက်ခဲ

ဒေသတွင်းတိုုက်ပွဲများကြောင့် ပလောင်ပြည်သူများဝမ်းရေး ခက်ခဲ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြားတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ၀မ်းရေးအတွက် သွားလာလုပ်ကိုင်စားသောက်ရန်အခက်အခဲများဖြင့် ကြံုတွေ့နေရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် မိမိတို့ စိုက်ပျိုးထားသည့် စိုက်ခင်းများသို့ သွားလာရန်ခက်ခဲလာခြင်း၊ ရိက္ခာအတွက် မြို့တက်စျေးဝယ်သွားရန်ခက်လာခြင်း၊ စပါးရိတ်သိမ်းရန်အချိန်ကျရောက်လာပြီဖြစ်သော်လည်းစပါးရိတ်သိမ်းရန်အတွက် မသွားရဲမလာရဲသည့် အခြေအနေများနှင့် ကြံုနေရသည်ဟုသိရသည်။

“နမ့်စန်မှာအဓိကကတော့ဗျား လက်ဖက်စိုက်ခင်းပေါ့ဗျားလက်ဖက်စိုက်ခင်းမှာကျတော့ ရာသီတော့ ကုန်ခါနီးဖြစ်ပေမဲ့ ခြံရှင်းတဲ့ အပိုင်းလေးတွေ ထင်းတွေစုတဲ့အပိုင်းလေးတွေ ခြံပေါက်တဲ့အပိုင်းလေးတွေ အဲဒါဟာကတော့ အခုဆိုရင် တော်တော်လေးကိုတော့ မထွက်ရဲဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ကြိုကြားကြိုကြား ဖြစ်နေတဲ့အခါကျတော့ ရွာထဲအနားတစ်ဝိုက်မှာပဲရှိနေတယ်။ဒေသခံမိဘပြည်သူတွေ အတွက်တော့ နည်းနည်းတော့ အခက်အခဲရှိပါတယ်။နည်းနည်းတော့ ထိတ်လန့်တဲ့အပိုင်းတော့ ရှိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒေသမအေးချမ်းတာ။ အခုတော့ စားဝတ်နေရေးတော့ ဒီနမ့်စန်မှာတော့ နည်းနည်းတော့ အခက်အခဲတော့ ရှိပါတယ်။”ဟုရှမ်းပြည်နယ် မြောက်ပိုင်းမန်တုံမြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် မှဆိုသည်။

ပထမအကြိမ်ကျင်းပသော ၂၁ ရာစုပင်လုံညီလာခံပြီးနောက်ပိုင်း မြန်မာ့တပ်မတော်နှင့် တ အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြားတိုက်ပွဲများဆက် တိုက်ဆိုသလို ပြင်းထန်စွာဖြစ်ပွားလာခဲ့ပြီး အောက်တိုဘာလ၂၉ ရက်မှ ယခုအချိန်ထိတိုက်ပွဲ အကြိမ်ရေ ၂၀ ကျော်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာယနေ့အချိန်အထိ မြန်မာ့တပ်မတော်မှ အများပြည်သူသွားလာရာလမ်းများ၊ ကျေးရွာနဲ့ ကျေးရွာပတ်ဝန်းကျင်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိပြီး၊ ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့ စိုက်ပျိုးထားသည့် စိုက်ခင်းများသို့ မသွားရဲပဲရှိနေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် မှဆိုသည်။

တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းနဲ့ပတ်သက်ပြီး“အဓိကကထိုးစစ်ပေါ့ ထိုးစစ်တွေ မရှိလို့ရှိရင်တော့ တိုက်ပွဲတွေ ဖြစ်စရာအကြောင်းတော့မရှိဘူးကျနော်တို့ကသူတို့ ရှိတဲ့နေရာသွားပစ်တာမဟုတ်ဘူး ကျနော်တို့ လှုပ်ရှားတဲ့နေရာကိုသူတို့လာပြီးတော့ တိုက်ပွဲ ဖြစ်တာပဲ” ဗိုလ်မှူးမိုင်းအိုက်ကျော်မှပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သည် ယခုလအတွင်း မြန်မာ့ တပ်မတော်အပြင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း( RCSS/SSA)အဖွဲ့ နှင့်လည်းတိုက်ပွဲများ ဖြစ်ပွားနေသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၃ ခုုနှစ် ဇူလုုိင်လ ၃၁ ရက်နေ့တွင် ပြည်တောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုုပ်ငန်းကော်မတီဒုုဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းဦးဆောင်သည့်အဖွဲ့နှင့်  PSLFအဖွဲ့မှ ဒုုဗုုိလ်မှူးကြီးတာ့ဘုုန်းကျော် ခေါင်းဆောင်သည့် အဖွဲ့တိုု့ ပထမဆုံုးအကြိမ် မူဆယ်မြို့မှာတွေ့ဆုံုခဲ့ပြီးနောက်ပိုုင်း ငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံုဆွေးနွေးနိုုင်ခြင်းမရှိဘဲ ဖြစ်နေသည့် တုုိင်းရင်းသားလက်နက်ကိုုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့ကိုု ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကို ၂၀၀၉ တွင်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုု့နောက် ပလောင်ဒေသပြန်လည်စိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့် တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...