“အဲ့ဒီအတွက်ကြောင့် အစကနေ ပြန်စဖို့မလိုတော့ဘဲ ၂၀၀၈ ခုနှစ်ကဖက်ဒရယ် ပြည်ထောင်စုအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) မှ မူကြမ်းအဖြစ် သဘောတူထားပြီးသောဖက်ဒယ် အခြေခံမူကြမ်းအပြင် ၂၀၁၅ ခုနှစ်က UNFC မှ ဖြည့်စွက်ထားသောအချက်အလက်များ ကို ပြန်လည်သုံးသပ်ပြီးလိုအပ်သလိုဖြည့်စွက် ပြင်ဆင်မှုလုပ်ပြီး ဒီအစည်းအဝေးကြီးကနေဆွေးနွေး အတည်ပြုနိုင်ပါတယ်” ဟု KNU ဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ကပြောကြားခဲ့သည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်းဖော်ပြနေခြင်းသည် တိုင်းရင်းသားများ အတွက် အားသာချက်တစ်ချက်ဖြစ်သည်ဟုပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၄) ရက်ကြာဆွေးနွေးသွားမည့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားတို့အပေါ် အခြေခံပြီးဆွေးနွေးသွားရန်ဖြစ်ကြောင်း နော်စီဖိုးရာစိန်က အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုုကရေစီပြည်ထောင်စုတည်ဆောက်ခြင်း ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံခြံုရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ရေးတို့ကိုအဓိထားဆွေးနွေးသွားမည် ဖြစ်သည်။







