တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLAအနေဖြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ PSLF/TNLA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူး မိုင်းအိုက်ကျော်ကယခုလိုပြောသည်။
“ကျနော်တို့ အဖွဲ့မတက်ဖြစ်တာကအများစုကဒီမိုင်ဂျာယန်မှာတက်နေတာကအစိုးရအဖွဲ့နဲ့ တပ်မတော်အဖွဲ့နဲ့ ညှိနှိုင်းမှုရရှိပြီးသားတွေဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ တွေ့ဆုံညှိနှိုင်းမှုတွေ မရှိသေးဘူး။ အဲ့ဒါတချက်ပေါ့နော်။ တပ်မတော်ဘက်ကလည်းကျနော်တို့ကို ငြိမ်းချမ်းရေးလမ်းစဉ်အရလက်နက်စွန့်ရမယ်ဆိုတာလည်းရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့အဖွဲ့ကတက်ရောက်ရင် လိုရာမရောက်ပဲနဲ့ ကျနော်တို့ကြောင့် တိုင်းရင်းသားတွေကြားမှာဆွေးနွေးညှိနှိုင်းမှုက ကြာရှည်နိုင်တယ်၊ ပျက်စီးနိုင်တယ် ဆိုတဲ့ အချက်တစ်ချက်ရယ်၊ ပြီးတော့ ဒီအစည်းအဝေးမှာဦးဆောင်တဲ့လူတွေထဲမှာ RCSS လည်းပါတယ်၊ RCSS လည်းပါတဲ့အတွက် လက်ရှိကကျနော်တို့နဲ့ RCSS က တိုက်ပွဲကဆက်ရှိနေတယ်၊ အဲ့မှာကျနော်တို့ တက်လို့ရှိရင်တော့ ဒီအစည်းအဝေးမှာလိုရာမရောက်ပဲနဲ့ ကျနော်တို့နဲ့ RCSS ကြားမှာပဲဆွေးနွေးညှိနှိုင်းတဲ့ ပုံစံလည်း ဖြစ်သွားမှာလည်းကြောက်တာပေါ့။ နိုင်ငံရေးဆွေးနွေးပွဲမဖြစ်ပဲနဲ့ ကျနော်တို့နဲ့ RCSS ကြားက ပြဿနာဆွေးနွေးတာမျိုး ဖြစ် သွားမှာကြောက်တယ်။”ဟုဆိုသည်။
၂၁ ရာစုပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားရပ်တည်ချက် ရယူရေးဆိုသည့် ရည်ရွယ်ချက်နှစ်ရပ်အပေါ် အခြေခံပြီးကျင်းပသည့် မိုင်ဂျာယန်အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့နှင့် အခြားကိုယ်စားလှယ်အဖွဲ့များကိုဖိတ်ကြားထားခြင်း ဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်၍ (၄) ရက်ကြာကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အဖွဲ့အစည်း၁၈ဖွဲ့ အပါအဝင် ကိုယ်စားလှယ် အဖွဲ့ ၂၄ ဖွဲ့ တက်ရောက် ဆွေးနွေးနေကြသည်။







