ဂတ်စ်အိုးကြီး ၂၈ ပိဿာဆံ့အိုးများသည် သင်္ကြန်မတိုင်ခင်က တစ်အိုးလျှင် ကျပ် ၄၀၀၀၀ သာရှိခဲ့ရာမှ မေ ရ ရက်တွင် ကျပ် ၅၆၀၀၀ အထိ ဈေးတက်လာခဲ့ကြောင်း ဂတ်စ်ရောင်းဝယ်နေသူများက ပြောဆိုသည်။
“လျှပ်စစ်မီး မမှန်လို့ ဂတ်စ်ပိုသုံးရတာ ဖြစ်တယ်၊ ဂတ်စ်က ဒီထက် တက်သွားရင်တော့ ကျွန်မတို့အတွက် အခက်အခဲ ဖြစ်လာနိုင်တယ်” ဟု ဂတ်စ်အသုံးပြုနေသော အိမ်ရှင်မ ဒေါ်သွယ်သွယ်က ဆိုသည်။
ဂတ်စ်အိုးများကို လျှပ်စစ်မီး ပုံမှန် မလာခြင်း၊ မီးအားမပြည့်ခြင်းတို့ကြောင့် အစားထိုး သုံးစွဲနေရခြင်းဖြစ်ပြီး၊ ဈေးနှုန်းကြောင့် များစွာ အခက်တွေ့နေရကြောင်း ၎င်းက ပြောသည်။
“ဂတ်စ်ကုန်လို့ သွားဖြည့်လိုက်တိုင်း ဂတ်စ်က ကျသွားတာ တစ်ခါမှ မရှိဘူး၊ တလျှောက်ကို တက်နေတာ ၊ ဒီအတိုင်းဆိုရင်တော့ အဆင်မပြေတော့ဘူး”ဟု မော်လမြိုင် မရမ်းကုန် ရပ်ကွက်မှ ဒေါ်သီတာက ပြောဆိုသည်။
ဂတ်စ်ဈေးနှုန်းများသည် ထိုင်းဘတ်ငွေ ဈေးနှုန်း ပြန်တက်လာခြင်းကြောင့် ဈေးနှုန်းလိုက်တက်နေခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ ဂတ်စ်ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ဘတ်ဈေးနှုန်းတက်လို့ ဂစ်ဈေးလိုက်တယ် သင်္ကြန်မတိုင်ခင်ကတည်းကပေါ့ တစ်ဖြည်းဖြည်းတက်သွားတယ်”ဟု ၎င်းက ဆိုသည်။
အိမ်ရှင်မများ အများဆုံး အသုံးပြုနေသည့် ကိုး ပိဿာဆံ့ ဂတ်စ်အိုးများသည် သင်္ကြန်မတိုင်ခင်က ကျပ် ၁၈၀၀၀ သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်၂၀၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ကြောင်း ၎င်းက ပြောသည်။



