၂၀၁၆ မေ ၂၉ ရက် နံနက် ၉ နာရီအချိန် ရန်ကုန်မြို့ အောက်ခေတ်ဟိုတယ်၌ သျှမ်းပြည် နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးစတင်ကျင်းပကြောင်း ၊ အစည်းအဝေးသို့ သျှမ်းပြည် အတွင်းရှိ နိုင်ငံရေးပါတီ ၁၉ ပါတီ အားဖိတ်ကြားကြောင်း၊ ဖိတ်ကြားခံထားရသည့် သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖိတ်စာနှင့်အတူ အချိန်မှီ သွားရောက်ခဲ့သော်လည်း တက်ရောက်ခွင့် မရခဲ့ကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်က ဤကဲ့သို့ ပြောသည် ။
“ ကျနော်နဲ့ ဒုဥက္ကဋ္ဌ စိုင်းစောအောင် သွားတယ် ။ အစည်းအဝေးက ၉ နာရီ စတာဘဲ။ ကျနော်တို့လည်း ကိုးနာရီ အရောက်သွားတယ် ။ တံခါးက ဖွင့်မပေးဘူး ။ ဆက်သွယ်ဖို့ ဖုန်းဆက်မေးကြည့်တော့ တာဝန်ရှိ စာရေးမလေးက လူကြီးက မှာထားလို့ပါတဲ့ ” – ဟု စိုင်းလိတ် က ပြောသည် ။
သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအား တက်ရောက်ရန် ဖိတ်စာကြိုဖိတ် ထားသော်လည်း တက်ရောက် မည့်သူကို ကြိုတင် နာမည်စာရင်းပေးရန် ဖုန်းအကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသည်ဟုဆိုသည် ။

“ ဒါက အင်မတန်မှ ရုပ်ဆိုးတဲ့ ကိစ္စပါ ။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမလုပ်ရဘူး။ ကိုယ်ကျိုးရှာတဲ့ သူမို့လို့ ဒါလုပ်တာဖြစ်တယ်လို့ပြော ချင်တယ် ။ သျှမ်းပြည်နိုင်ငံရေးပါတီများ အဖွဲ့ချုပ်ဖွဲ့စည်းတဲ့ကိစ္စမှာ သျှမ်းပြည်နယ်မှာ နေရာ ၄၀ အနိုင်ရရှိထားတဲ့ SNLD ကို ဝင်ခွင့်မပေးဘူးဆိုတာ အဓိပ္ပာယ်ကိုက ရိုးသားမှုမရှိဘူးလို့ ကျနော်ပြောလိုပါတယ် ” – ဟု ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် ကပြောသည် ။
သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအား SNLD မတက်ရောက် နိုင်ခြင်းအကြောင်းရင်း နှစ်ချက်ရှိနိုင်ကြောင်း ၊ ပထမ အချက်အနေဖြင့် အစည်းအဝေး သတ်မှတ် ချက်အရ အစည်းအဝေးတက်ရောက်မည့် SNLD ကိုယ်စားလှယ် အမည်စာရင်းကို အစည်းအဝေး မတိုင်မှီ တစ်ရက်အလို မေ ၂၈ ရက် ည ၉ နာနီ အထိ အမည်မစာရင်းပေးမလာသည့်အတွက်ကြောင့် လည်းကောင်း ၊ ယနေ့ မေ ၂၉ အစည်းအဝေး စချိန် နံနက် ၉ နာရီအချိန် ရောက်မလာသည့် SNLD ကိုယ်စားလှယ်အား ဟိုတယ်ကောင်တာ တာဝန်ကျက အစည်းအဝေးခန်းသို့ ဝင်ရောက်ခွင့်မပေးခြင်းဖြစ်ကြောင်း တက်ရောက်သည့် ပုဂ္ဂိုလ်တစ်ဦးကပြောသည် ။
ထို့ကြောင့်လည်း အစည်းအဝေးဖြစ်မြောက်ရေးအကျိုးတော်ဆောင်မှ မွန်းလွဲပိုင်းက SNLD ထံ တောင်းပန်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြသည် ။ အဆိုပါတောင်းပန်လွှာကိုလည်း လက်ခံရရှိခဲ့ကြောင်း စိုင်းညွန့်လွင်ကပြောဆိုသည် ။
သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအား တက်ရောက်ရန် သျှမ်းပြည်အတွင်းနေ တိုင်းရင်းသားလူမျိုးစု ပါတီ ၁၈ ခု ဖိတ်ကြားကြောင်း ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံရေးတွင် သျှမ်းပြည်အတွင်းနေ နိုင်ငံရေးပါတီများ တစိတ်တဝမ်းတည်းဖြစ်စေရန် ၊ ပြည်နယ်ကိုအခြခံသည့် နိုင်ငံရေးပါတီများအုပ်စုဖွဲ့စည်းနိုင်ရေးအတွက် အဓိက ရည်ရွယ်ကာ အစည်းအဝေး ခေါ်ယူခြင်း ဖြစ်သည်ဟု သိရသည် ။







