ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် သတ်မှတ်ရန် ညှိနှိုင်းနေဆဲ

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် သတ်မှတ်ရန် ညှိနှိုင်းနေဆဲ
by -
မွန်သတင်းအေဂျင်စီ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကျင်းပရန် မူလလျာထားချက် ရှိသည့် အချိန်ကာလသို့ ရောက်ရှိနေသော်လည်း   ကျင်းပရန် အတွက် ရက်သတ်မှတ်ရန် ညှိနှိုင်းနေဆဲဖြစ် ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC )  အဖွဲ့ဝင်များထံက သိရသည်။

SKNဒုတိယအကြိမ် ပင်လုံကို  လာမည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပမည်ဟု မူလက လျာထားချက် ထွက်ပေါ်ခဲ့ သော်လည်းလက်ရှိအချိန်တွင်မူ ရက်သတ်မှတ်ရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့အတွင်းရေးမှူး စိုင်းကျော်ညွန့်က   “Process အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပပြီးစီးတဲ့အခါ လုပ်ငန်းကော်မတီ၊ အဲကနေ UPDJC ၊ အတွင်းရေးမှူးအဖွဲ့တွေက အစည်းအဝေးထိုင်ရဦးမယ်၊ အောက်ကတက်လာတဲ့စာတမ်းအချက်အလက်တွေကို စုစည်းပြီး UPDJC အစည်းအဝေးတင်ပြရတယ်၊ အဲမှာငြင်းကျခုံကျဆွေးနွေးရဦးမယ်၊ ဘာပဲပြောပြော ညီလာခံကျင်းပနိုင်ဖို့က အနည်းဆုံးနှစ်ပတ် အချိန်ယူရပါမယ်” ဟု ပြောသည်။

ရက်သတ်မှတ်ရန် ညှိနှိုင်းနေဆဲ ဖြစ်သော်လည်း မတ်လလယ်အတွင်း ကျင်းပဖွယ် ရှိသည်ဟု UPDJC အဖွဲ့ဝင် အချို့ကလည်းဖေဖော်ဝါရီ ၂၀ ရက်က ဆိုသည်။

UPDJC အဖွဲ့ဝင် မွန်အမျိုးသားပါတီကိုယ်စားလှယ် မင်းဇေယျာဦးက “ လောလောဆယ် ရက်ညှိနေတုန်းပဲ၊ မကြာခင်သိရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ချင်းအမျိုးသားတပ်ဦး (CNF) က ဖေဖော်ဝါရီ လကုန်ပိုင်းတွင်၄င်း၊ သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ RCSS ကလည်း မတ်လဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်နေပြီး အဆိုပါ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အပြီးတွင် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ အတိုင်း ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။

ရက်ညှိနှိုင်းရာတွင် အခက်အခဲ အချို့ ရှိနေပြီး ကရင် အမျိုးသား အစည်းအရုံး (KNU) ကလည်း လာမည့် မတ်လ အလယ်ပိုင်းတွင် ကွန်ဂရက်အစည်းအဝေး ရှိနေသောကြောင့် ညှိနှိုင်းနေသည်ဟုလည်း စိုင်းကျော်ညွန့််က ပြောသည်။

“လောလောဆယ် KNU ခေါင်းဆောင်တွေနဲ့ညှိနှိုင်းနေတယ်၊ ငြိမ်းချမ်းရေးညီလာခံနဲ့ KNU ကွန်ဂရက် အစည်းအဝေးရက်တိုက်ဆိုင်နေမယ်ဆိုရင် ဒီညီလာခံကိုမတက်ဘူးလို့ပြောတယ်၊ ကရင် KNU,DKBA, KNU/KNLA-PC တို့မတက်နိုင်ဘူးဆိုရင် ဘယ်သူကဘယ်သူတွေနဲ့ ဒီညီလာခံလုပ်မှာလဲ” ဟု စိုင်းကျော်ညွန့်က ပြောသည်။   

လာမည့် မတ်လ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ၁၆ ကြိမ်မြောက်ကွန်ဂရက်ကျင်းပရန် လွန်ခဲ့သည့် ၃လခန့်ကတည်းက ပြင်ဆင်ထားပြီး နိုင်ငံတကာရောက်ကရင်အဖွဲ့အစည်းများ၊ ကရင့် လက်နက်ကိုင် တပ်ဖွဲ့များ၊ တတ်သိပညာရှင်များ၊ လူငယ်နှင့်အမျိုးသမီးအပါအဝင် ကရင်လူမှုအဖွဲ့အစည်း CSO အသီးသီးပါဝင်တက်ရောက်မည်ဖြစ်ရာ KNU ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်တင်မြှောက်ကြမည် ဖြစ်သည်။

ညီလာခံကျင်းပသည့်အခါ KNU ကွန်ဂရက်နှင့်ရက်တိုက်ဆိုင်မှုမရှိစေရန်၊ အကယ်၍ ရက်တိုက်နေပါက KNU ခေါင်းဆောင်များ ဖွင့်ပွဲတက်နိုင်စေရန် ညှိနှိုင်းပြီး အဆင်ပြေမည့်ရက်ကို ရွေးချယ်ရန်၊ သင်္ကြန်အတွင်း ရုံးပိတ်ရက်များနှင ့်အဆင်မပြေသဖြင့် မတ်လအတွင်းကျင်းပနိုင်ရန် သက်ဆိုင်ရာခေါင်းဆောင်များနှင့် အားလုံး အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟုUPDJC အဖွဲ့ဝင်တစ်ဦးမှသိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) ကို ၂၀၁၆ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ရာ ညီလာခံတက်ရောက်သူ ရ၀၀ ခန့် ရှိသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...