အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်းငံ့သဖြင့် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန်မသေချာဟု CNF ပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်းငံ့သဖြင့် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန်မသေချာဟု CNF ပြော
by -
မွန်သတင်းအေဂျင်စီ
CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(Facebook)
CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(Facebook)
နေပြည်တော်ရှိသင်္ဂဟဟိုတယ်၌ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အစည်းအဝေးက ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆိုင်းငံ့ကြောင်း သဘောတူဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)သို့ တက်ရောက်ရန် မသေချာတော့ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရရင် ချင်းအမျိုးသားတပ်ဦး CNFအနေနဲ့ လာမယ့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ဖို့ မသေချာတော့ဘူး။ဘာလို့လဲဆိုတော့ ညီလာခံမှာ တင်သွင်းဖို့အတွက် ဒီဆွေးနွေးပွဲ လုပ်နိုင်မှ ဖြစ်မှာမလို့ပါ”ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် ချင်းပြည်နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်း လူမျိုးအလိုက်အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ကျင်းပသွားရန် စီစဉ်ထားသော်လည်း UPDJC မှ နယ်မြေတည်ငြိမ်မှု အရ မကျင်းပသေးရန် ဆိုင်းငံ့ကြောင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ချင်းပြည်နယ်မှာက ဆက်ဆံရေးရုံးဖွင့်ဖို့ နယ်မြေခံတွေက လက်မခံတဲ့ သဘောထားမျိုးဖြစ်တဲ့အတွက် မလုပ် နိုင်သေးတာပါ၊ရခိုင်မှာဆိုရင် နိုင်ငံရေးအရ ရှုပ်ထွေးသိမ့်မွေတာကြောင့် ခဏဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မကျင်းပတာတော့မဟုတ်ပါဘူးအကုန်လုံးမှာ ကျင်းပသွားဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အနှေးနဲ့အမြန်ပဲ ကွာမှာပါ”ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောသည်။

ပြီးခဲ့သည့် UPDJC  ၉ ကြိမ်မြောက်အစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားရန်၊ ပအို၀်းဒေသ၊ ရှမ်းပြည်နယ် RCSS/SSA ဒေသ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရန်၊ ချင်း နှင့် ရခိုင်တွင် အမျိုး သား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် ဆိုင်းငံ့ထားရန်၊ စသည့် အချက်များကို သဘောတူချမှတ် ခဲ့ကြောင်း သိရသည်။

ထို့အတူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ်၌ လူမျိုးအလိုက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်တို့ကို ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုမူဘောင်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လူမျိုးအလိုက်ကို နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာနယ်မြေအတွင်း ကျင်းပခွင့်ရှိသည်ဟု သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...