ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းအမှုပေါင်း ၅၀၀ ကျော် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲတင်ပို့နိုင်ခဲ့

ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းအမှုပေါင်း ၅၀၀ ကျော် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲတင်ပို့နိုင်ခဲ့
by -
မွန်သတင်းအေဂျင်စီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ သက်ငယ်မုဒိမ်းမှုများကို စုံစမ်းပြီး သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တရားရုံးများသို့ အမှုပေါင်း ၅၁၇ မှု တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း ဒီဇင်ဘာလ (၁၄) ရက် နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ် အောင်စိုးက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းကျူးလွန်သူများအား ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ ၆၅ ဦး၊ ထောင်ဒဏ် ၆ နှစ်မှ ရ နှစ်အထိ ၄၆ ဦး၊ ထောင်ဒဏ် ၈ နှစ်မှ ၁၀ နှစ်အထိ ရ၂ ဦး၊ ထောင် ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ၂၂ ဦး စုစုပေါင်း ၂၀၆ ဦးတို့ကို တရားရုံးမှ ပြစ်ဒဏ်များ အသီးသီးချမှတ် ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “နှစ်အလိုက် မုဒိမ်းဖြစ်ပွားမှုများ များလာသကဲ့သို့ သက်ငယ်မုဒိမ်း  ဖြစ်ပွားမှု ရာခိုင်နှုန်များကလည်း မြင့်မားလာသည်ကို စိုးရိမ်ဖွယ်တွေ့ရှိရပါတယ်” ဟု ပြော သည်။

မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများအား ထိရောက်တဲ့ ပြစ်ဒဏ်ပေး ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်နေသည်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးမြန်းခဲ့မှု အပေါ် ပြည်ထဲရေးဒုဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေ ကြား ပေးခဲ့ခြင်းဖြစ်သည်။

သက်ငယ်မုဒိမ်း ကျူးလွန်ခံရမှုများကို အသက်အပိုင်းအခြားအလိုက် စိစစ်ရာတွင် အသက် ၂ နှစ်မှ ၅ နှစ်အထိ ၂ဒသမ၄၇ ရာခိုင်နှုန်း၊ ၆ နှစ်မှ ၁၀ နှစ်အထိ ၁၂ဒသမ၈၃ ရာခိုင်နှုန်း၊ ၁၀ နှစ်မှ ၁၄ နှစ်အထိ ၂၄ဒသမ၈၃ ရာ ခိုင်နှုန်း၊ ၁၄ နှစ်မှ ၁၆ နှစ်အထိ ၅၉ဒသမ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျူးလွန်သူများနှင့် ကျူးလွန်ခံရသူများကြား တော်စပ်မှုများကို လေ့လာကြည့်ရာတွင် ဖခင် အရင်း၊ ပထွေး၊ ဆွေမျိုးသားချင်းနှင့် သူစိမ်းတို့က ကျူးလွန်ခြင်းများ ပါဝင်ပြီး ကျေးလက်ဒေသ များ၌ သက်ငယ်မုဒိမ်းမှု အများဆုံးဖြစ်ပွါးခဲ့သည်ကို ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

အလားတူ မွန်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ၁၅ မှု၊ ၂၀၁၅ ခုနှစ် ၁၆ မှု နှင့် ၂၀၁၆ ခုနှစ် ဇန်နာဝါရီလမှ နိုဝင်ဘာလထိ ၂၆ မှု သက်ငယ်မုဒိမ်းမှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

မွန်ပြည်နယ် လူမှုအဖွဲ့အစည်းကွန်ရက်မှ ဦးစိုးနိုင်က “သက်ငယ်မုဒိမ်းမှုတွေများလာတာဟာ သက်ငယ်အမျိုး သမီးတွေအတွက် မလုံခြုံတော့တဲ့သဘောကို သက်ရောက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး တချို့အမှုတွေဆို ကြီးလေးတဲ့ပစ်ဒဏ်ကို မပေးဘဲနဲ့ ပေါ့ပေါ့လျော့လျော့ပေးတဲ့အတွက် ကျူးလွန်သူတွေကို အားပေးနေသလိုဖြစ် နေတယ်” ဟု ပြောသည်။

ထို့အပြင် သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို  ထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ရန် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတို့ကို ရေးဆွဲလျက်ရှိ ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များတွင် အသက်မပြည့်သေးသည့်ကလေးငယ်များအပေါ် အဓမ္မကျင့်မှုတွေ၊ သတ်ဖြတ်မှုများ ဖြစ်ပွါးနေသည့်အတွက် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးရေး ဆန္ဒပြတောင်း ဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးတောင်းဆိုလှုပ်ရှားမှု(MNA)

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...