သက်ငယ်မုဒိန်းကျင့် KTV ရောင်းစားခံအမှုကို လူခိုးမှုဖြင့်အမှုဖွင့်

သက်ငယ်မုဒိန်းကျင့် KTV ရောင်းစားခံအမှုကို လူခိုးမှုဖြင့်အမှုဖွင့်
by -
မွန်သတင်းအေဂျင်စီ
အသက် ၁၈ နှစ်မပြည့်သေးသည့် မိန်းခလေးငယ်တစ်ဦးအား ကားပေါ်တင်၊ မုဒိန်းကျင့်ပြီး KTV ရောင်းစားခဲ့သည့်အမှုကို ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၆၃ လူခိုးမှုဖြင့်ပါ အမှုဖွင့်တရားစွဲဆိုမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မော်လမြိုင်မှ သိရသည်။

ကျိုက်မရောမြို့နယ်၊ တရနာရွာစျေးကြီးအနီး ပြီးခဲ့သည့်စက်တင်ဘာ ၁၄ ရက်နေ့ နံနက်စောစော ပန်းသွားရောင်းနေစဉ် ကားပေါ်သို့ အတင်းအဓမ္မတင်ဆောင်ပြီး မုဒိန်းကျင့်ခံရကာ ၂၃ ရက် တိိတိကြာ ပျောက်ဆုံးခဲ့ပြီးနောက် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရက်ကွပ်ရှိ ရတနာထက်စားသောက်ဆိုင်၌ အလုပ်သမအဖြစ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့်အမှု ဖြစ်သည်။

“အမှုစဖွင့်တာက ၂၄/၃၂ နဲ့ အမှုစဖွင့်တာပဲ စစ်ဆေးတဲ့အခါကျတော့မှ ဥပဒေအကြံတောင်းရတာပေါ့၊ ဘယ်အမှုပဲဖြစ်ဖြစ် ဥပဒေအကြံတောင်းတင်တာပေါ့၊ ဥပဒေ အကြံပြုချက်ကျမှ တရားစွဲရတာပါ” ဟု မွန်ပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ် (၉) မော်လမြိုင်မှ ဒုရဲမှုး ဆန်းဦးကပြောသည်။

အဆိုပါအမှုတွင် အမည်မသိအမျိုးသားတစ်ဦး ဆိုသူအား ပုဒ်မ ၃၆၃ လူခိုးမှု၊ ၃၇၅ မုဒိန်းမှု၊ မိန်းခလေးငယ်အားလက်ခံထားသော ရတနာထက် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဦးအား ပုဒ်မ ၃၆၃/၁၁၄ လူခိုးမှုတွင် ပူးပေါင်းပါ၀င်မှုဖြင့် တရားဆွဲဆိုရန် ဥပဒေအကြံပြုချက် ကျလာခြင်းဖြစ်သည်ဟု ဒုရဲမှုး ဆန်းဦးက ပြောသည်။

တရားလိုဘက်မှ သက်သေခိုင်လုံစွာ မပြနိုင်သည့်အတွက် လူခိုးမှုဟူ၍သာ မော်လမြိုင်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ရှေ့အနေအဖြစ် အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်ဇာမြင့် (Legal Clinic Myanmar) က ဆိုသည်။

“ဒါက လူကုန်ကူးပဲလေ ဘာဖြစ်လို့လဲဆိုတော့ သူဆိုင်မှာ ကျွန်လုပ်ဖုုိ့ ဒီကလေးကို သူဝယ်ထားတာဖြစ်တဲ့ အတွက်ကြောင့် ဒါက လူကုန်ကူးမှု အဖွင့်နဲ့ ညီနေတာပဲလေ၊ ပြီးတော့ ဒီကောင်မလေးကလည်း သူ့ကို ဒီမှာရောင်းသွားတယ်ဆိုတာကို သူက မြင်တယ်၊ အဲဒီလူကို ပိုက်ဆံပေးလိုက်တာကိုလည်း သူက မြင်တယ်လေ” ဟု ဒေါ်တင်ဇာမြင့်က ပြောသည်။

အမျိုးသမီးငယ်၏ မိခင်ဖြစ်သူ တိုင်ကြားချက်အရ ရတနာထက် KTV ပို်င်ရှင် ဒေါ်မြင့်မြင့်ဦးအား ကျိုက်မရောမြို့နယ် မြို့မရဲစခန်းတွင် (ပ) ၁၁၂/၂၀၁၆ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ ယခုအခါဖမ်းဝရမ်းရမန်နှစ်ပတ်ပြည့်သွားပြီး အာမခံပေးထားကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်ဝဏ္ဏ ပြောကြားချက်အရ သိရသည်။

“ကျမတို့ဘက်က သက်သေခိုင်လုံတဲ့အတွက် ဒီအတိုင်းနေသွားမှာ မဟုတ်ပါဘူး၊ ဒီကိစ္စကို အများသိအောင် မွန်အမျိုးသမီးအဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့ သတင်းစာရှင်းလင်းပွဲပဲဖြစ်ဖြစ်၊ တရားရေးဘက်ကပဲဖြစ်ဖြစ် ဆောင်ရွက်သွားမှာပါ” ဟု တရနာရွာ အုပ်ချုပ်ရေးမှူး မိကျလွန်းထောက ပြောသည်။

ယခုအခါ ဥပဒေအကြံတောင်းကျပြီးသောကြောင့် မကြာမီ တရားရုံးသို့အမှုတွဲတင်တော့မည်ဖြစ်ကြောင်း၊ လောလောဆယ်ဆယ်တွင် ကလေးခိုးမှုပုဒ်မဟု ဆိုသော်လည်း ကာယကံရှင်နှင့် သက်သေတို့၏ ရုံး ထွက်ဆိုချက်ပေါ်မူတည်၍ လူကုန်ကူးမှုသို့ ပြောင်းလဲနိုင်ကြောင်း သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...