လစ်လပ်လျက်ရှိသော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ချောင်းဆုံမြို့နယ် NLD ပါတီဝင်များက မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည့်ပုဂ္ဂိုလ်အား ဗဟိုဌာချုပ်မှ ပယ်ချလိုက်ခြင်း ဖြစ်သည်။
ဆန္ဒဖော်ထုတ်ခဲ့သူ ဦးစံခင်က “ဒေသခံပါတီထုကို အခြေမခံဘဲနဲ့ ဗဟိုကချပေးလိုက်တဲ့ ကိုယ်စားလှယ် လောင်းတွေကို ကျွန်တော်တို့ မကျေနပ်လို့ အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” ဟု ဆိုသည်။

ချောင်းဆုံမြို့နယ် NLD ချီတက်ဆန္ဒပြခဲ့ကြစဉ်(မွန်ထော)
ချောင်းဆုံမြို့နယ် NLD အနေဖြင့် မဲစနစ်ဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့ရာတွင် ဦးစောလင်းအောင် ၁၄ မဲ၊ ဦးအေးဝင်း ၈ မဲ၊ ဦးကျော်ဖေ ရ မဲ အသီးသီးရရှိခဲ့ရာ မဲအရေအတွက် အများဆုံးရရှိသောပုဂ္ဂိုလ်အား မရွေးချယ်ပဲ ဒုတိယမဲအများဆုံးရရှိခဲ့သူ ဦးအေးဝင်းကို ဗဟိုမှရွေးချယ်လိုက်သည့်အတွက် လက်မခံနိုင်ဟု ဦးစံခင်က ဆက်ပြောသည်။
အဆိုပါချီတက် ဆန္ဒပြပွဲတွင် (၁) ပြည်နယ်မှ ရွေးချယ်တဲ့ ကိုယ်စားလှယ်အလိုမရှိ၊ (၂) မွန်ဒေသခံ မွန်တိုင်းရင်းသား ကိုယ်စားလှယ် လိုချင်တယ်။ (၃) မြို့နယ်မှ ရွေးချယ်တဲ့ ကိုယ်စားလှယ် လိုချင်တယ်၊ (၄) ပြည်နယ်မှ ချပေးတဲ့ ကိိုယ်စားလှယ် အလိုမရှိ၊ (၅) နယ်ခံပြည်သူကို လေးစားပါ ဆိုသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ချောင်းဆုံမြို့နယ် ကိုယ်စားလှယ် ဒေသခံတိုင်းရင်း သားရရှိရေး ဒို့အရေး---ဒို့အရေး၊ မြို့နယ် ဆုံးဖြတ်ချက် အတည်ပြုရေး ဒို့အရေး ----ဒို့အရေး၊ ဗဟိုချုပ်ကိုင်စနစ် ပပျောက်ရေး ဒို့အရေး---ဒို့အရေး စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။
မွန်ပြည်နယ် NLD ပါတီအတွင်းရေးမှူး ဦးငွေမြင့် က “သူတို့တင်ပေးတဲ့ကိုယ်စားလှယ်နဲ့ ဗဟိုကရွေးပေးလိုက် တဲ့ ကိုယ်စားလှယ်က အရည်ချင်းကွာနေပါတယ်” ဟု ဆိုသည်။
NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများကို ဗဟိုကသာ ရွေးချယ်ခြင်းဖြစ်ပြီး ခရိုင်/ပြည်နယ်က ရွေးချယ်ခွင့်မရှိကြောင်း ဦးငွေမြင့်က ဆက်ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ်က မဲအနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်ဖြစ်သွားသဖြင့် မဲဆန္ဒနယ်လစ်လပ်နေခြင်း ဖြစ်သည်။
တနိုင်ငံလုံးအတိုင်တာဖြင့် လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ နေရာအတွက် လာမည့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပေးရမည် ဖြစ်သည်။







