မွန်ပြည်နယ် ရာဘာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆွေးနွေး

မွန်ပြည်နယ် ရာဘာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆွေးနွေး
by -
မွန်သတင်းအေဂျင်စီ
ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ(MNA)
ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ(MNA)
မွန်ပြည်နယ်အတွင်း ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရသည်။

ဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်း ရာဘာကဏ္ဍ လက်ရှိကြံုတွေ့လျက်ရှိသော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာရန်အပါအဝင် ရည်ရွယ်ချက် ၃ ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟု  မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက ပြောသည်။

“မွန်ပြည်နယ်မှာ လက်ရှိကြံုတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်၊ စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းနိုင်တဲ့ ရေတိုစီမံချက်တွေ လက်တွေ့လုပ်ငန်းစဉ်များကို ပေါင်းစပ် ညှိနှိုင်းဖော်ထုတ်ရန်နဲ့ ရေရှည်ဆောင်ရွက်ရမည့် ပို့ကုန်မြှင့်တင်ရေးစီမံကိန်းများ ဘတ်ဂျက်၊ ဥပဒေနဲ့ စုဖွဲ့မှုဆိုင်ရာ လိုအပ်ချက်များကို လေ့လာသုံးသပ်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ၎င်းက ပြောသည်။

၎င်းပြင် မွန်ပြည်နယ်အတွင်း ရာဘာကဏ္ဍသည် ထုတ်လုပ်မှုနည်းနား အားနည်း၊ အရည်အသွေးနိမ့်သော သန့်စင်မှု၊ စျေးကွက်မဟာဗျူဟာ အားနည်းခြင်း၊ အရည်အသွေးစစ်ဆေးမည့် စနစ်မရှိခြင်း၊ အမျိုးသားအဆင့် စုဖွဲ့မှုအားနည်းခြင်း အစရှိသည့်အားနည်းချက်များရှိနေသည်ဟု ပြောသည်။

နှစ်ရက်တာ ကျင်းပသည့် ယင်းဆွေးနွေးပွဲတွင် (၁) အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ရလဒ်အမြန်ထွက်နိုင်မည့် လုပ်ငန်းစဉ် (၂) စျေးကွက်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ (၃) စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအတွက် အဖွဲ့အစည်းဆိုင်ရာစွမ်းအားမြှင့် တင်ပေးခြင်း (၄) စျေးနှုန်းသတ်မှတ်မှုဆိုင်ရာ သတင်းအချက်အလက် လုပ်ငန်းစဉ်များ (၅) ပြည်တွင်းစျေးကွက် ဝင်လိုအားနှင့် ချိတ်ဆက်ခြင်း (၆) ရာဘာအခြေခံစုဖွဲ့မှုများ အားကောင်းလာစေရေး စသည့်အချက်များ ဆွေးနွေးသွားမည်ဖြစ်သည်။

“ဒီနှစ်တာ ဆွေးနွေးပွဲကနေ ကျနော်တို့ပြည်နယ်ရဲ့ ရာဘာအတွက် အဖြေကောင်းထွက်လာမယ်လို့ မျှော်လင့်ပါတယ်၊ ရာဘာစျေးလည်း အခု အနည်းငယ်ပြန်တက်လာတဲ့အနေအထားရှိပါတယ်” ဟု ရာဘာစိုက်တောင်သူ ဦးငွေလှက ပြောသည်။

မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုက်းတက်ရေးအဖွဲ့နှင့် care အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မွန်ပြည်နယ် ရာဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ အစိုးရဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်များအသင်း မွန်ပြည်နယ် ၁၀ မြို့နယ်က ရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ရာဘာစိုက်ပျိုးသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ်သည် ရာဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီး ပြည်နယ်တစ်ခုလုံးတွင် ရာဘာစိုက်ပျိုးမြေဧက  ၅ သိန်းခန့်ရှိရာ ဧက ၃ သိန်းကျော်မှာ ရာဘာထုတ်လုပ်လျက်ရှိသည်။ အများစုသည် အသေးစားရာဘာစိုက်ပျိုးသူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်သည်ဟု မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...