ဂေါပကအဖွဲ့အသစ်လက်ထက်တွင် စျေးဆိုင်များ၊ နတ်နန်းအလှူခံဌာနများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားကာ စည်းကမ်းဖောက်ဖျက်သည့် ဆိုင်များကို ပထမအကြိမ် ခေါ်ယူအသိပေးခြင်း၊ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဆိုင်ယာယီပိတ်သိမ်းသည့် စနစ်ဖြင့် အရေးယူသွားမည်ဖြစ်သည်။
“နတ်နန်း အလှူခံဌာနကို အရင်လူတွေကို ကန်ထရိုက် ပေးထားတယ်၊ ဘုရားဖူးသူတွေ စိတ်အနှောက်ယှဉ် မဖြစ်အောင် နတ်နန်းအထဲမှာပဲ အလှူခံစေတယ်၊ စည်းကမ်းမလိုက်နာရင် အရေးယူမှုတွေ လုပ်မယ်၊ စျေးဆိုင်တွေလည်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူထားပြီးပြီ” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဒေါက်တာအေးဇံက ပြောသည်။
ဂေါပကအဖွဲ့အသစ်လက်ထက်တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်မရှိဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အားလုံးအဆင်ပြေနိုင်အောင် အချိန်ယူပြုပြင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဂေါပကအဖွဲ့အသစ်အနေဖြင့် ဘုရားအလှူခံဌာနကြီးတစ်ခုကိုသာ ကိုင်တွယ်ထားပြီး ဘုရားရှိ နတ်နန်း ၉ ခုအနက် ရွှေနန်းကျင်နတ်နန်းနှင့် ကျိုက်ထီးရိုးဘိုဘိုကြီး နတ်နန်းတို့ကို ရိုးရိုးလေးက ကန်ထရိုက် ရရှိထားသည်ဟု ဂေါပကအဖွဲ့ဝင် ဥိးစိန်းမြင့်က ပြောသည်။
ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်များနှင့် သန့်ရှင်းမှုမရှိသည့်နေရာများတွင်လည်း ဘုရားဖူးများ စိတ်အနှောက်ယှက်မရှိစေရန် အမှိုက်ပုံးများထားရှိသွားရန် စီစဉ်နေသလို ဘုရားရင်ပြင်တော်သာယာသန့်ရှင်းရန်အတွက် ၀န်ထမ်းအသစ်များကိုလည်း ခေါ်ယူသွားရန် စီစဉ်ထားကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပေါင်း ၂ သန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) ရှိ ဘုရားဖူးဝင်ရောက်မှုစာရင်းအရ သိရသည်။
မွန်ပြည်နယ်ခရီးသွားလုပ်ငန်းများအနက် ကျိုက်ထီးရိုးစေတီသည် ဝင်ငွေအများဆုံးရရှိသည့် အထင်ကရနေရာတစ်ခုဖြစ်သည်ဟု သိရသည်။







