မီးလောင်ကျွမ်းမှုအများစုမှာ မီးဖိုမီးကြွင်းမီးကျန်မှလည်းကောင်း ၊လျှပ်စစ်ပစ္စည်းကိရိယာများ အပူလွန်ကဲရာမှ လည်းကောင်း စသည်ဖြင့် ပေါ့ဆမှုများမှ အများဆုံးဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သူက“မီးလောင်မှုအများဆုံးဖြစ်တာကတော့ ပေါ့ဆမီးတွေကပဲ ဖြစ်တာများတယ် မီးဖိုမီးကြွင်းမီးကျန်တွေကနေ ကူးစက်လောင်တာရှိတယ်၊ လျှပ်စစ်ပစ္စည်းကိရိယာတွေမှာ တချို့ဆိုရင် ဒဏ်ခံတဲ့ ကိရိယာတွေမသုံးလို့ လျှပ်စစ်ကနေမီးလောင်မှုတွေဖြစ်တာများတယ်” ဟု ပြောသည်။
ယခုအချိန်အခါသည် မိုးရာသီမှဆောင်းရာသီ အကူးအပြောင်းကာလဖြစ်သည့်အတွက် မီဘေးအန္တရာယ် အထူးသတိရှိဖို့လိုကြောင့် ၎င်းကဆက်ပြောသည်။
“လျှပ်စစ်ဝါယာကြိုးအဟောင်းတွေကို သုံးပြီး တိတ်နဲ့ မကပ်ထားရတာတွေ၊ ဟင်းအိုးတွေကို ပလပ်ထိုးထားပြီး တော့ မီးပျက်သွားလို့ ပလပ်ကို ပြန်မချွတ်မိဘဲနဲ့ မီးလာတဲ့အခါ အပူလွန်ကဲပြီးဖြစ်တာတွေ၊ မီးသီးက ဗို့အား နည်းနည်းပဲ ခံတာကို ဗို့အားများများနဲ့ ထွန်းမိတဲ့အခါတွေမှာ မီးသီးက ပေါက်ကွဲပြီး လောင်ကျွမ်းတာတွေဟာ လျှပ် စစ်ကြောင့်ဖြစ်တာပေါ့” ဟု မော်လမြိုင်မြို့တွင် ကွန်ပျူတာပြုပြင်သူတစ်ဦးဖြစ်သူ ကိုအဗိုင်းက ပြောသည်။
မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုအကြိမ်အရေအတွက်များမှာ ဇန်နဝါရီလတွင် ၉ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၂ ကြိမ်၊ မတ်လတွင် ၅ ကြိမ်၊ ဧပြီလတွင် ၁၀ ကြိမ်၊ မေလတွင် ၄ ကြိမ်၊ ဇွန်လတွင် ၂ ကြိမ်၊ ဇူလိုင်လတွင် ၂ ကြိမ်၊ စက်တင်ဘာလတွင် ၆ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်၊ နိုင်ဝင်ဘာလတွင် ၄ ကြိမ် စုစုပေါင်း ၅၆ ကြိမ်းမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်ဇွန်လအတွင်း မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးမှုရှိခဲ့ကြောင်း၊ ထို့အပြင် အောက်တိုဘာလအတွင်း ၂ ကြိမ်သာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သော််လည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၄၀ ခန့်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်သည် မြို့နယ်နှင့် မြို့နယ်ခွဲအရေအတွက် ၁၂ ခုဖြင့်ဖွဲ့စည်းထားပြီး ၂၀၁၄ ခုနှစ်တွင် ကောက်ခံထားသော သန်းခေါင်စာရင်းအရ လူဦးရေ ၂ သန်းကျော်နှင့် အိမ်ထောင်စု လေးသိန်းကျော်နေထိုင်ကြကြောင်း သိရသည်။







