ထိုင်းနိုင်ငံ ကန်ကလာချန်သစ်တောဥယျာဉ်ကို ယူနက်စ်ကိုဝင်ရန်တင်သွင်းရာ မြန်မာနိုင်ငံ၏ ကန့်ကွက်မှုအား လက်ခံ

ထိုင်းနိုင်ငံ ကန်ကလာချန်သစ်တောဥယျာဉ်ကို ယူနက်စ်ကိုဝင်ရန်တင်သွင်းရာ မြန်မာနိုင်ငံ၏ ကန့်ကွက်မှုအား လက်ခံ
by -
မွန်သတင်းအေဂျင်စီ
Kaeng Krachan အမျိုးသားဥယာဉ်(Internet)
Kaeng Krachan အမျိုးသားဥယာဉ်(Internet)
ထိုင်းနိုင်ငံမှ ကန်ကလာချန် Kaeng Krachan Forest သစ်တောဥယျာဉ်ကို ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) ဝင်ရန်တင်သွင်းရာ မြန်မာနိုင်ငံ၏ ကန့်ကွက်မှုကို ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးက လက်ခံခဲ့ပြီး ထိုင်နိုင်ငံအားနောက်တစ်နှစ် ထပ်မံကြိုးစားရန် ဆုံးဖြတ်ခဲ့ကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ က သိရသည် ။

ယင်းကန်ကလာချန်ဥယျာဉ်ကို နယ်မြေပိုင်နက် (Coordinate)မျဉ်းများရေးဆွဲရာ၌ မြန်မာနိုင်ငံနယ်နမိတ် (၃၄) ရာခိုင်နှုန်း ပါဝင်နေသည့်အတွက် မြန်မာနိုင်ငံမှ ကန့်ကွက်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည် ။

“ဒီကန်ကလာချန်ဥယျာဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့အမွေအနှစ် ကော်မတီ က မြန်မာနိုင်ငံရဲ့တင်ပြချက်ကို လက်ခံခဲ့တယ် ။ နောက်ပြီးတော့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်ဆောင်ရွက်ပြီး နောက်နှစ်မှာ လိုအပ်တာတွေ ထပ်ဖြည့်ဖို့ သဘောတူခဲ့တယ်” ဟု ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ယင်းဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ယူနက်စ်ကို (UNESCO) ရုံးချုပ်တွင် အောက်တိုဘာ (၂၄) ရက်နေ့ မှ(၂၆) ရက်နေ့အထိကျင်းပသည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ Extra Ordinary Meeting ၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။

 “ထိုင်း နဲ့ မြန်မာ ပိုင်နက် ထိစပ်နယ်မြေသတ်မှတ်မှု မပြီးသေးပါဘူး ။ နှစ်နိုင်ငံညှိနှိုင်းမှုတော့ မရှိပါဘူး ။ ဒီလိုနယ်နိမိတ်မသတ်မှတ်ရသေးပဲ ထိုင်းဘက်က ယူနက်စ်ကို ဝင်ဖို့တင်တာပါ ။ ဒါကို ယူနက်စ်ကိုကလည်း လက်မခံပါဘူး ။ သူတို့ကတော့ ဒီနယ်နိမိတ် သတ်မှတ်ပြီးတဲ့ အထိစောင့်ရမှာဖြစ်တယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန ဝန်ကြီးရုံး (သစ်တော) ညွှန်ကြားရေးမှူး ဦးမျိုးမင်း က ပြောသည် ။

ထို့အပြင် ကန်ကလာချန်သစ်တောဥယျာဉ်အတွင် မြန်မာနိုင်ငံမှ မြေဧရိယာ ဟက်တာ တစ်သောင်းခန့် ပါဝင်ပြီး ယင်းမြေပေါ်တွင် ကရင်မျိုးနွယ်စုတစ်ချို့ နေထိုင်လုပ်ကိုင်စားသောက်နေကြကြောင်း သိရသည် ။

ယင်းကရင်မျိုးနွယ်စုများနှင့် ပတ်သတ်၍ တိကျသည့် စီမံခန့်ခွဲမှုစနစ်များ ရေးဆွဲတင်ပြရန် ကမ္ဘာ့အမွေအနှစ်ကော်မတီက ဆုံးဖြတ်ချက်ချခဲ့သည့် အပြင် နှစ်နိုင်ငံနယ်နိမိတ် ပြန်လည်သတ်မှတ်ကာ ညှိနှိုင်းဆောင်ရွက်ရန်လည်း ပါဝင်ကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ က သိရသည် ။

ယင်းကန်ကလာချန်သစ်တောဥယျာဉ်သည် ထိုင်းနိုင်ငံ Ratchaburi, Phetchaburi, Prachuab Kirikhan စသည့်ခရိုင် ၃ ခုနှင့် မြန်မာနိုင်ငံ တနင်္သာရီကမ်းမြောင်ဒေသရှိ တနင်္သာရီ လေညာသစ်တောကြိုးဝိုင်းတို့ နယ်နိမိတ်ချင်းထိစပ်ခြင်းဖြစ်ပြီး ၂၀၁၀ - ၂၀၁၁ ခုနှစ် ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) ဝင်ရန် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ထိုင်းနှင့် မြန်မာနိုင်ငံသည် ၁၃၀၀ မိုင်ကျော် နယ်နိမိတ်မြေထိစပ်မှုရှိသော်လည်း တိကျသောနယ်ခြားမှတ်တိုင် စိုက်ထူထားခြင်း မရှိသေးပေ။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...