၉ လသက်တမ်း ဒုတိယအကြိမ်မွန်လွှတ်တော် တိုင်ကြားစာ ရ၀၀ ကျော်ရောက်ရှိ

၉ လသက်တမ်း ဒုတိယအကြိမ်မွန်လွှတ်တော် တိုင်ကြားစာ ရ၀၀ ကျော်ရောက်ရှိ
by -
မွန်သတင်းအေဂျင်စီ
လက်ရှိ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း ၉ လနီးပါး အတွင်း ပြည်သူများထံမှ တိုင်ကြားစာ ရ၀၀ ကျော်ရောက်ရှိ ထားကြောင်း မွန်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်နေ့ကစတင်ကျင်းပခဲ့ပြီး အောက်တိုဘာလကုန်ထိ ပြည်သူလူထုထံမှ တိုင်ကြားစာပေါင်း ရ၀၆ စောင်ကို မွန်ပြည်နယ်လွှတ်တော် လက်ခံရရှိထားခြင်းဖြစ်သည်။

 “ကျနော်တို့ဆီ ရောက်လာတဲ့ တိုင်စာအများစုက မြေယာပြဿနာဖြစ်တယ်၊ ကျနော်တို့ဆီ တိုင်ကြားစာရောက်လာရင် ကျနော်တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို အသိပေးတယ်၊ အကြံပေးတယ်၊ လုပ်ပေးရမှာကတော့ သူတို့အပိုင်းပေါ့” ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တိုင်ကြားစာ အများစုသည် လယ်ယာမြေပြဿနာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿနာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်သည့် စာများ ဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌထံမှ သိရသည်။

မွန်လွှတ်တော်ရေးရာကော်မတီများတွင် ကိုယ်စားလှယ်စီစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ၊ ဥပဒေအကြံပြုစီစစ်ရေးကော်မတီ၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ စသည့် ကော်မတီ ၆ ရပ်ကို ဖွဲ့စည်းခဲ့သည်။

တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီထံသို့ တိုင်ကြားစာ ၄၀၀ ကျော်ရောက်ရှိကြောင်း ကော်မတီအနေဖြင့် တိုင်ကြားစာ ၅၀ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပေးထားကြောင်း ပြောသည်။

တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက “ကျနော်တို့ ကော်မတီမှာက တိုင်ကြားစာ ၄၀၀ လောက်ရောက်တယ်၊ မြေယာပြဿနာက များတယ်၊ လက်ရှိမှာတော့ ၅၀ ရာခိုင်နှုန်းလောက် ဖြေရှင်းထားပေးတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင် ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့ကြောင်း အဆိုပါတိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြားစာ ၃၇၀ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...