ကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျောက်ထုတ်လုပ်ရန် ပြင်ဆင်နေမှုကို တားမြစ်

ကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျောက်ထုတ်လုပ်ရန် ပြင်ဆင်နေမှုကို တားမြစ်
by -
မွန်သတင်းအေဂျင်စီ
 ​ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်မိုင်းပြုလုပ်ရန် ရှင်းလင်းထားစဉ်(Eleven News)
​ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်မိုင်းပြုလုပ်ရန် ရှင်းလင်းထားစဉ်(Eleven News)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကေလာသတောင် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ခွင့်ပြုချက်မရရှိသေးဘဲ ကျောက်ထုတ်လုပ်ရန် ပြင်ဆင်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တားမြစ်ထားကြောင်း သိရသည်။

ကေလာသတောင်သဘာဝထိန်းသိမ်းရေးနယ်မြေ သစ်တောကြိုးဝိုင်းအတွင်း Rock well Mining Co.Ltd ကုမ္ပဏီက လမ်းခင်းကျောက်ထုတ်လုပ် စက်ယန္တရာကြီးများဖြင့် သစ်တောရှင်းလင်းနေသည့်ကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်နေ့က ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာနသို့ ကန့်ကွက်စာ တင်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အောက်တိုဘာ ၂၈ ရက်နေ့တွင် ကေလာသ သဘာဝထိန်းသိမ်းရေးနယ်မြေသို့ လာရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု ဆက်မလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ဟိုနေ့က ပြည်ထောင်စုဝန်ကြီးက လာစစ်သွားတယ်၊ အခု ကုမ္ပဏီကို ဘာမှ လုပ်ကိုင်ခွင့်မပြုတော့ဘူး၊ ခွင့်ပြုဖို့ တရားဝင် အမိန့်မရောက်မချင်း ကုမ္ပဏီက ဆက်လုပ်နေရင်တော့ သူတို့ကကို တရားစွဲဖို့ ရှိတယ်” ဟု ဆိုသည်။

ကုမ္ပဏီအနေဖြင့် ကေလသာ သစ်တောကြိုးဝိုင်းနယ်မြေအတွင်း လမ်းခင်းကျောက်ထုတ်လုပ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့သို့ တစ်စုံတစ်ရာ အသိပေး တင်ပြထားခြင်းမရှိဘဲ လုပ်ငန်းစတင်လုပ်ဆောင်နေသည်ဟု ၄င်းက ပြောသည်။

Rock Well  Mining Co.Ltd သည် ကေလာသသဘာဝ ကြိုးဝိုင်းနယ်မြေအတွင်း လမ်းခင်းကျောက်ထုတ်လုပ်ရန် လုပ်ငန်းလိုင်စင်လျှောက်ထားဆဲဖြစ်ကြောင်း၊ လိုင်စင်မကျသေးဘဲ လုပ်ငန်းစတင်ဆောင်ရွက်နေသည့်အနေအထားဖြစ်ကြောင်း သိရသည်။

“တားမြစ်တာက ယာယီပါဘဲ သက်ဆိုင်ရာ သဘောထားမှတ်ချက်ယူပြီးမှ ဆက်လုပ်ဖို့၊ ကျနော်က ယာယီတားမြစ်ချက်ကို မကျေနပ်ဘူး ထာဝရတားမြစ်ချက် ထုတ်ပြန်ပေးရမှာ၊ ဒါကြောင့် နိုင်ငံတော်သမ္မတထံ နောက်တစ်ကြိမ်စာသင်သွားဖို့နဲ့ လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ လုပ်သွားမယ်” ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ကေလာသတောင်သည် သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အများအပြားတည်ရှိရာဒေသတစ်ခုဖြစ်သလို တောင်တော်ကို မှီခိုနေကြရသည့် ဒေသခံသောင်းချီရှိနေသည့်အတွက် ကျောက်ထုတ်လုပ်ရန် ခွင့်မပြုသင့်သည့်နေရာဖြစ်သည်ဟု  ဒေါက်တာခင်နိုင်ဦး ၏ နိုင်ငံတော်သမ္မတံထံ တင်ပြထားသည့်စာတွင် ရေးသားထားသည်။

ကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း လမ်းခင်းကျောက်ထုတ်သည့် ကျောက်မိုင်းလုပ်ကိုင်ခွင့်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ကိုယ်စား မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်နှင့် Rock Well  Mining Co.Ltd မှ ဦးသန့်ဇင်ထွန်းတို့က ဇွန်လ ၁ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးထားပြီး၊ မြေဧရိယာ ၄၅ ဧကတွင် ကျောက်ကျင်းပေါင်း ၁၀၀၀၀ ထုတ်လုပ်သွားမည်ဖြစ်ကာ ကျောက်ထုတ်လုပ်ခွင့် သက်တမ်းကို ၂၀၁၆ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့ထိ စာချုပ် ချုပ်ဆိုထားသည်ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...