လက်ရှိအချိန်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်မှုအတွက် လိုအပ်သည့်လယ်ယာမြေ လွှဲပြောင်းအသုံးပြုခွင့် ရရှိနိုင်ရေးကို သက်ဆိုင်ရာသို့ တင်ပြထားဆဲဖြစ်ကြောင်း၊ အဆိုပါ လယ်ယာမြေအသွင်ပြောင်း ခွင့်ပြုချက် ရရှိသည်နှင့် လုပ်ငန်းများ စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း June ကုမ္မဏီ၏ ဒါရိုက်တာ ဦးမြင့်စိုး က ပြောသည်။
“စက်ရုံတည်ဆောက်ဖို့ကတော့ လိုဦးမှာပါ၊ ဒါပေမယ့် ပရောဂျက်အနေနဲ့ ဝယ်ယူထားတဲ့မြေ ဆိုတော့ စကတည်းကလည်း လုပ်ငန်းဆောက်ရွက်ဖို့ ကျွန်တော်တို့ခွင့်ပြုတာကို အဲဒီတော့ ပြန်ပေးဖို့ ဘာဖို့ဆို တာ မဖြစ်နိုင်ဘူးပေါ့ဗျာ ရှင်းရှင်းပြောရင်တော့ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းက ဆက်သွားနေတာကိုး” ဟု ဦးမြင့်စိုးက ပြောသည်။
June ကုမ္မဏီအနေဖြင့် ၄င်းတို့ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် မြေဧရိယာဧက (၁၄၀၀) ကျော်လိုအပ်မည် ဖြစ်ပြီး လက်ရှိအချိန်ထိ လယ်ယာမြေ ဧက ရ၀၀ ခန့်အား ပျားတောင်အနီးရှိ မယ်ဂရိုရွာနှင့် ကော့ဒွန်း/ ကော့ပ နော့ရွာတို့မှ ဒေသခံလယ်သမားများထံမှ ၂၀၁၀ ခုနှစ်မတိုင်ခင်ကတည်းက ကြိုတင်ဝယ်ယူရရှိထားပြီး ဖြစ်သည်။
ပျားတောင်အနီးပတ်ဝန်းကျင်းတွင် တစ်နေ့တန် ၅ ထောင်ကျ ဘိလပ်မြေစက်ရုံအသစ် ထပ်မံတည် ဆောက်ခွင့်ကို June ကုမ္မဏီအား သမ္မတဟောင်းဦးသိန်းစိန်အစိုးရသက်တမ်း မကုန်ဆုံးမီရက်ပိုင်းအလို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုပေးထားခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အပြင် June ကုမ္မဏီ၏ ဘိလပ််မြေစက်ရုံသစ် ထပ်မံတည်ဆောက်ခြင်းကို လုံးဝကန့်ကွက်ကြောင်းနှင့် ကုမ္မဏီမှ ကြိုတင်ဝယ်ယူထားသော လယ်ယာမြေများကို မူလပိုင်ရှင်များအား ပြန်လည်ပေးအပ်နိုင်ရေး ပျား တောင်အနီးရှိ ဒေသခံ (၁၈၇၃) ဦးတို့က လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ထံနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့သို့ ကန့်ကွက်စာပေးပို့ခဲ့သည်။
မယ်ဂရိုကျေးရွာသား နိုင်ထွန်းကြည်က “သူတို့စက်ရုံက ဆက်လုပ်မှာလား၊ လယ်ယာမြေတွေ ပြန်ပေးမှာလားပေါ့၊ အဲဒီကန့်ကွက်စာကို ကျွန်တော်တို့ပေးပို့လိုက်တဲ့နောက်ပိုင်းမှာ ယခုအချိန်ထိပေါ့ ဘာမှထူးခြားလာတာ မတွေ့ သေးဘူး၊ ဘာမှလည်း ပြန်ပြောလာတာမရှိသေးဘူး” ဟု ဆိုသည်။
ယခုလက်ရှိကာလတွင် ပျားတောင်ဒေသရှိ ကော့ဒွန်း/ကော့ပနော့ကျေးရွာအနီးတဝိုက်၌ တစ်နေ့ဘိလပ်မြေ တန်ချိန် ၅ ထောင်ကျ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ၏တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။ယင်းစက်ရုံ၏ ကျောက်မီးသွေးစွမ်းအင်ဖြင့် စက်ရုံလည်ပတ်မည့် အစီအစဉ်ကိုလည်း ဒေသခံများက ကန့်ကွက်ထားဆဲ ဖြစ်သည်။







