မောင်တောတွင်ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းများ လုံခြံုရေးအတွက် စိုးရိမ်

မောင်တောတွင်ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းများ လုံခြံုရေးအတွက် စိုးရိမ်
by -
မွန်သတင်းအေဂျင်စီ
​မောင်တောနယ်စပ် လုံခြုံရေး(Internet)
​မောင်တောနယ်စပ် လုံခြုံရေး(Internet)
ရခိုင်ပြည်နယ် မောင်းတောခရိုင်အတွင်း၊ မောင်တောမြို့တောင်ဘက်မြောက်ဘက်ရှိကျေးရွာများတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ​ဘေးလွတ်ရာသို့ သွားရန် လုံခြံုရေးစိုးရိမ်မှုများရှိနေကြောင်း မောင်တောမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

“ကျွန်တော့်ကို မနေ့က ကျီးကန်းပြင် ၊ ငါးခူရ ဘက်တွေက ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေ ဖုန်းဆက်အကြောင်း ကြားတယ် ။ သူတို့တွေ လုံခြံုရေးစိုးရိမ်ရတယ် ။ ဒါ့ကြောင့် မောင်တောမြို့ပေါ်လောက်ကို ပြောင်းရွှေ့နေထိုင်ချင်တယ်လို့ပြောလာကြတယ် ။ ဒီလိုအခြေအနေတွေကို သိရအောင်လို့ ကျွန်တော့ကို ပါတီကလည်း ညွှန်ကြားထားတာတွေရှိတယ် ။ အဲ့ဒီဘက်က ဝန်ထမ်းအင်အားကိုတော့ ခန့်မှန်းရခက်ပါတယ် ။ ဒါ့အပြင် တစ်ချို့ကျေးရွာတွေမှာ လုံခြံုရေးမရှိတဲ့အတွက် နေရပ်စွန့်ခွာမယ့် အခြေအနေတွေဖြစ်နေတယ်” ဟု ဦးမောင်အုန်းက ပြောသည် ။

အောက်တိုဘာ ၉ နေ့နံနက်စောစောပိုင်းက မောင်တောခရိုင်၊ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု နယ်မြေအတွင်းရှိ ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ နယ်မြေစခန်းများရှိ နယ်ခြားစောင့်စခန်း ၃ ခု စီးနင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြံုရေးအင်အားနည်းပါးနေသည့်အတွက် ဒေသခံပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့က လွတ်တဲ့နေရာမှာနေချင်တယ် ။ ဒါပေမယ့် ကျွန်တော်သွားတဲ့လမ်းကြောင်းမှာ လုံခြံုရေး စိုးရိမ်ရတဲ့အတွက် သွားဖို့ရာ အခက်အခဲဖြစ်နေတယ်။ ဒီမှာက လုံခြံုရေးက စိုးရိမ်နေရဆဲဖြစ်ပါတယ် ။ ဒါ့ကြောင့် မောင်းတောမြို့ကိုလည်း မသွားဖို့သက်ဆိုင်ရာက ပြောထားတယ်” ဟု ကျီးကန်းပြင်ကျေးရွာ ကျောင်းဆရာ ဦးမောင်လှမြင့်က ပြောသည်။

မောင်တောခရိုင်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် မြန်မာလုံခြံုရေးတပ်များဖက်က အချင်းချင်း သတင်းရရှိမှုအားနည်းခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် တပ်မတော်နှင့် ပူးပေါင်းပြီး နယ်စပ်လုံခြံုရေးအင်အားကို တိုးမြှင့်ဆောင်ရွက်ထားကြောင်း အောက်တိုဘာ ၉ ရက် ည ရ နာရီအချိန် ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာရှင်း လင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောသည်။  

ရဲချုပ်ဇော်ဝင်းက “ဖြစ်စဉ်တစ်ခုလုံးကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် တပ်ဖွဲ့ဝင် အရာရှိ (၁) ဦး၊ အခြား အဆင့် (၈) ဦး စုစုပေါင်း (၉) ဦး ကျဆုံးခဲ့ပြီးတော့မှ တပ်ဖွဲ့ဝင် အရာရှိ (၁) ဦး အခြားအဆင့် (၄) ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ (၁) ဦး ပျောက်ဆုံးလျက် ရှိပါတယ်။ လက်နက်မျိုးစုံကတော့ ပြန်လည်ရရှိမှုများ ရှိတဲ့အတွက်ကြောင့်မို့လို့ တကယ်ဆုံးရှုံးတာက တော့ လက်နက်မျိုးစုံ (၅၁) လက်၊ ကျည်မျိုးစုံ (၁၀၁၄၀) တောင့်၊ လှံစွပ် (၁) ခု၊ ကျည်အိမ် (၂၈) ခု ပျောက်ဆုံးခဲ့ပြီးတော့မှ စီးနင်းတိုက်ခိုက်သူများ ဘက်ကတော့ (၈) ဦးကို အလောင်း ရရှိပြီးတော့ (၂) ဦးကိုတော့ အရှင် ဖမ်းဆီး ရမိခဲ့ပါတယ်။ ၎င်းတို့ထံမှ လုပ်သေနတ် ပစ္စတို (၁) လက်နဲ့၊ ၎င်း ကျည် (၂) တောင့်၊ ကျည်အိမ် (၁) ခု ကျွန်တော်တို့ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ဆိုသည်။

ထိုကြောင့် အဆိုပါ လက်နက်ခဲယမ်းများ ပြန်လည်ရရှိရေး၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ အရေးယူနိုင်ရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြံုရေးအတွက် တပ်အင်အားများ ဖြည့်တင်းပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်းများနဲ့ ပူးပေါင်းပြီး နယ်မြေအတွင်း ပိတ်ဆို့ခြင်း ရှင်းလင်းခြင်းစသည့် လုံခြံုရေးဆိုင်ရာ ကိစ္စများကိုလည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ရဲချုပ်က ဆက်ပြောသည်။

မောင်တော နှင့် ရသေ့တောင်မြို့နယ်များရှိ လုံခြံုရေးစခန်းများသို့ ၀င်ရောက် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူများအား RSO အဖွဲ့ဟု အတိအကျပြောဆိုနိုင်ခြင်းမရှိသော်လည်း ရိုဟင်ဂျာဟု အော်ဟစ် တိုက်ခိုက်ခဲ့ကြပြီး ဘင်္ဂါလီဘာသာ စကားများကို ပြောဆိုသုံးစွဲခဲ့သည်ဟု ရဲ ချုပ်က  ဆိုသည်။

ယခုအခါ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြံုရေးအရ လမ်းပိတ်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိသော်လည်း ဒေသခံ ပြည်သူများမှ စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း၊ မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့်ကိုလည်း ည ရ နာရီမှ နံနက် ၆ နာရီအထိ တိုးမြှင့်ထားကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...