၂၀၁၅ ခုနှစ်က သထုံတွင် တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများကို ၎င်းကိုယ်တိုင် သုတေသနပြုကာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် “ပထမထောင်စုနှစ် သုဝဏ္ဏဘူမိ ရှေးဟောင်းသထုံ အုတ်ခွက်ဘုရားများ” (The First Millennium Artifacts of Suvannabhumi TERRACOTTA VOTIVE TABLETS OF THATON) စာအုပ်ကို ထုတ်ဝေပြီးနောက် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် သထုံမြို့၊ ရွှေစာရံဘုရားအနီး စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ကျောင်းဝင်းအတွင်း နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသော ဂူဗိမာန်ကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် မြေကို တူးဖော်ရာမှ ရှေးဟောင်း အုတ်ခွက်ဘုရား ထောင်ကျော် တွေ့ရှိခဲ့သည်။
ဒေါက်တာနန်းလှိုင် က “စတုဘုမ္မိကငှက်တွင်းကျောင်းမှာ အဲဒီအုတ်ခွက်ကို တွေ့လိုက်ပြီဆိုတာနဲ့ မိုက်ကယ်အောင်သွင်ကို ကျနော် တန်ပြန်ဖို့အတွက် အထောက်အထား အတိအကျ ရသွားပြီ” ဟု အောက်တိုဘာလ ၂ ရက်နေ့က မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် ပြုလုပ်သည့် အထက်ပါစာအုပ် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
“အခုတွေ့ရတာက အုတ်ခွက် ၂၀၀၀ ကျော် အုံနဲ့ ကျင်းနဲ့၊ အထပ်လိုက် အလွှာလိုက် တွေ့ရတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ သထုံမှာ ရှေးဟောင်းမရှိဘူးလို့ ပြောခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့ အယူအဆ ပြင်ဆင်လို့ ရသွားပြီ။ မှားတယ်လို့တော့ မပြောပါဘူး။ မွန်သမိုင်းသစ်ရဲ့ အခန်းကဏ္ဍတစ်ခုကို ဖွင့်လို့ရပြီ” ဟု သူက ဆက်ပြောသည်။

သမိုင်းဌာန လက်ထောက်ကထိက ဒေါက်တာနန်းလှိုင်(MNA)
အထက်ပါ သထုံမှအုတ်ခွက်ဘုရားများကို ရုပ်တုဗေဒပညာရပ် (Iconography) ဖြင့် ကရင်ပြည်နယ် ဖားအံမြို့နယ် ကော့ဂွန်းဂူမှ အုတ်ခွက်ဘုရားများ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း သီရိဝိဇယမှ အုတ်ခွက်ဘုရားများ၊ ထိုင်းနိုင်ငံ ဒွါရဝတီမှ အုတ်ခွက်ဘုရားများ၊ သရေခေတ္တရာမှ အုတ်ခွက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး အေဒီ ၆ ရာစုနှင့် ရ ရာစု ဟု သတ်မှတ်ယူဆကြောင်း ဒေါက်တာနန်းလှိုင် က ပြောသည်။
မိုက်ကယ်အောင်သွင်၏ ၂၀၀၅ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် “THE MISTS OF RÃMAÑÑA” (မှုန်ရီဝိုးတဝါး မကွဲပြားသော ရာမည) စာအုပ်၌ မွန်တွင် ရှေးဟောင်း မရှိကြောင်း၊ သထုံသည် ပျူယဉ်ကျေးမှု လွှမ်းမိုးသည့်နေရာ ဖြစ်ကြောင်း၊ သထုံသည် ရှေးဟောင်းမြို့ ဖြစ်ကြောင်းကို ဓမ္မစေတီမင်းက လုပ်ကြံရေးသားခဲ့ခြင်းသာ ဖြစ်ကြောင်း စသည့်အချက်များ ပါရှိသည်။
ယင်းစာအုပ် ထွက်ရှိပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ပျူနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ပျူယဉ်ကျေးမှု ပြန်လည်ဖော်ထုတ်မှုများ အင်တိုက်အားတိုက် လုပ်ဆောင်မှုများ ရှိလာခဲ့သကဲ့သို့ သမိုင်းပညာရှင်များနှင့် သုတေသီများအကြားတွင်လည်း ထိုစာအုပ်နှင့် ပတ်သက်၍ အငြင်းပွားစရာများ၊ ပျူနှင့် မွန် ယဉ်ကျေးမှု သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
သထုံတွင် ရှေးဟောင်းမရှိကြောင်းကို ယခင်ကိုလိုနီခေတ်က အင်ဒိုချိုင်းနားမှ ပြင်သစ် သမိုင်းပညာရှင်အချို့၊ နာမည်ကျော် ထိုင်းမင်းသားကြီး Damrong Rajanubhab စသည်တို့က ပြောဆိုရေးသားခဲ့ကြပြီး၊ မိုက်ကယ်အောင်သွင်က ထိုအယူအဆနှင့် သူ၏ သုတေသနပြုချက်ကို အခြေခံလျက် “THE MISTS OF RÃMAÑÑA” စာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။
ထိုအယူအဆကို ပြန်လည်ချေပရန်နှင့် သမိုင်းရှေးဟောင်းသုတေသန ပညာရှင်များ သိရှိနားလည်နိုင်ရန်အတွက် “The First Millennium Artifacts of Suvannabhumi TERRACOTTA VOTIVE TABLETS OF THATON” စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပထမဦးစွာ ထုတ်ဝေရခြင်း ဖြစ်သည်ဟု လည်း ဒေါက်တာနန်းလှိုင် က ပြောသည်။
၁၉၇၅-၇၆ ခုနှစ်ကလည်း ရှေးဟောင်းသုတေသနအဖွဲ့မှ ဦးမြင့်အောင် ဦးဆောင်ပြီး ဝင်းကနှင့် အရက်သည်မကို တူးဖော်ရာတွင် အုတ်ခွက်အနည်းအကျဉ်း တွေ့ရှိခဲ့ပြီး၊ ၎င်းအနက် မွန်စာ ၂ ကြောင်း၊ ၃ ကြောင်းခန့် ပါရှိသည့် အုတ်ခွက်ကိုလည်း တွေ့ရှိခဲ့သည်။
၎င်းပြင် ၁၉၇၅ ခုနှစ်တွင်လည်း သထုံမြို့ အမှတ် (၂) အထကကျောင်းတွင် အုတ်ခွက်ဘုရားပေါင်း ၁၀၀၀ ကျော်ကို တူးဖော် တွေ့ရှိရ ဖူးကြောင်း ရှေးဟောင်းသုတေသနပညာရှင် ဦးစံဝင်း (သုဝဏ္ဏဘူမိ) ၏ ပြောပြချက်အရ သိရသည်။







