လက်နက်ကိုင်လမ်းစဉ်/လက်နက်ကိုင်ပဋိပက္ခစကားရပ် အစိုးရကိုယ်စားလှယ်နှင့် မဟာမိတ်သုံးဖွဲ့အကြား ညှိနှိုင်းမရ

လက်နက်ကိုင်လမ်းစဉ်/လက်နက်ကိုင်ပဋိပက္ခစကားရပ် အစိုးရကိုယ်စားလှယ်နှင့် မဟာမိတ်သုံးဖွဲ့အကြား ညှိနှိုင်းမရ
by -
မွန်သတင်းအေဂျင်စီ
မိုင်ဂျာယန်တွင် TNLA ဥက္ကဋ္ဌ တာအိုက်ဖုန်းက သတင်းထောက်များနှင့်တွေ့ဆုံခဲ့စဉ်(TNLA)
မိုင်ဂျာယန်တွင် TNLA ဥက္ကဋ္ဌ တာအိုက်ဖုန်းက သတင်းထောက်များနှင့်တွေ့ဆုံခဲ့စဉ်(TNLA)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသို့ ပါဝင်လာနိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များ နှင့် ရခိုင် AA၊ပလောင် TNLA၊ ကိုးကန့် MNDAA မဟာမိတ်သုံးဖွဲ့ခေါင်းဆောင်များ သြဂုတ် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း “လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခ” ဆိုသည့် စကားရပ်တို့ကို ညှိနှိုင်းမရခြင်းကြောင့် သဘောတူညီမှုမရရှိခဲ့ကြောင်း သိရသည်။

မဟာမိတ်သုံးဖွဲ့ဲဖြစ်သော AA၊ TNLA၊ MNDAA တို့ကို တပ်မတော်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လိုပါ က “လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်/ချုပ်ငြိမ်းလိုသည့် ဆန္ဒအပြည့်အဝရှိပါသည်”ဟူသည့် အကြောင်းကို ထုတ်ပြန်ပေးရမည်ဆိုကြောင်း အစိုးရ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ကြကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောသည်။

သို့သော် မဟာမိတ်သုံးဖွဲ့ဘက်မှ ခေါင်းဆောင်များကလည်း အဆိုပါစကားရပ်အတိုင်း မထုတ်ပြန်နိုင်ဘဲ “လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းရန် ဆန္ဒအပြည့်အဝရှိသည်”ဆိုသော စကားရပ်အတိုင်း ထုတ် ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြရာတွင် သဘောတူညီမှုရယူနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

“လက်နက်ကိုင်လမ်းစဉ်နဲ့လက်နက်ကိုင်ပဋိပက္ခဆိုတဲ့ စကားရပ် ၂ ခုအပေါ်မှာ သဘောထား မတိုက်ဆိုင်ဘဲ ကွဲလွဲနေကြတယ်။ဒါကို ကျွန်တော်တို့ သက်ဆိုင်ရာ အထက်လူကြီးတွေကို အပြန်အလှန်တင်ပြသွားကြမယ်။ သူတို့ပြောတဲ့အတိုင်း ကျွန်တော်တို့ ၃ ဖွဲ့က မထုတ်ပြန်နိုင်ဘူး။သူတို့ဘက်ကလည်း ထပ်မလျော့နိုင်တော့ဘူးဆို တော့ သူတို့ဘက်ကလည်း သူတို့အထက်လူကြီးတွေကို ပြန်တင်ပြမယ်။ကျွန်တော်တို့ကလည်း အဖွဲ့အစည်း အသီးသီးမှာ ပြန်ဆွေးနွေးကြပါမယ်” ဟု ဗိုလ်မှူးကြီး တာဖုန်းကျာ် ကဆိုသည်။

အဆိုပါ တွေ့ဆုံမှုတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမး်)ဦးခင်ဇော်ဦး၊ ကော်မရှင်အကြံပေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအောင်ကြည် တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ဘက်မှ AA ဥက္ကဋ္ဌစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၊ MNDAA မှ ဦးထွန်းမြတ်လင်း၊ TNLA ဥက္ကဋ္ဌ တာအိုက်ဖုန်း တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် အစိုးရကိုယ်စားလှယ်များဘက်မှ  ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရန် ပြင်ဆင်နေသည့် ကိစ္စရပ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံးသပ်မည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့တို့ ပြီးခဲ့သည့် ဇွန်လအတွင်း ပထမအကြိမ် အလွတ်သဘောတွေ့ဆုံခဲ့ရာတွင် အစိုးရကိုယ်စားလှယ်ဘက်က “ပြည်သူသို့ တောင်းပန်ကြောင်း  ကြေညာချက် တစ်စောင်ထုတ်ပြန်ပေးရန် နှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်” ပြောကြားခဲ့သည်ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...