နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပမည်

နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပမည်
by -
မွန်သတင်းအေဂျင်စီ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန-NPRC(internet)
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန-NPRC(internet)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး အဓိကကဏ္ဍတစ်ခုဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို သြဂုတ် ၁၁ ရက်နေ့မှစတင်၍ ၃ ရက်ကြာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NPRC တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ မူဘောင်ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်နေ့တွင် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ၁၂ ရက်နေ့တွင် အစိုးရအဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်များ၊ ၁၃ ရက်နေ့တွင် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ၍  ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။

သူက “ဆွေးနွေးရမယ့် ကိစ္စကတော့ စုဖွဲ့မှုပုံစံရယ် ပြီးတော့ ညီလာခံမှာ ဆုံးဖြတ်ချက်ကို ဘယ်လိုချမှတ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ နည်းလမ်း ပြီးရင် အကြောင်းအရာတွေကတော့ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောထားတာက နိုင်ငံရေးနဲ့ လုံခြံုရေးကဏ္ဍကို ညီလာခံမှာ ဆွေးနွေးမယ်၊ ကျန်တဲ့ဟာကို အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ဘက်ကို ပို့လိုက်မယ်ဆိုတဲ့ ပုံစံပေါ့”ဟု ပြောသည်။

ထိုဆွေးနွေးပွဲသို့ လက်မှတ်မရေးထိုးရသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC သို့လည်း ဖိတ်ကြားထားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကို ဖိတ်ကြားထားတာမှန်ပါတယ်။ ဒါပေမယ့် တက်ဖြစ်မတက်ဖြစ်ကတော့ မဆုံးဖြတ်ရသေးဘူး ဆွေးနွေးရအုံးမယ်”ဟု UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့တွင် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများနှင့် UNFC မှဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဖြစ်ပေါ်တိုးတက်မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။  

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် DPN အဖွဲ့အနေဖြင့် လုံုခြံုရေးဆိုုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ်ဖြစ်သော  SSR/DDR နှင့် ပတ်သက်ပြီး လုံုခြံုရေးဆိုုင်ရာ မူဝါဒကိစ္စရပ်များ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ် ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပနေကြောင်းလည်း သိရသည်။

“SSR/DDR နဲ့ ပတ်သက်ပြီး အလုပ်အရုံဆွေးနွေးပွဲ ကျင်းပနေတယ်။ မိုင်ဂျာယန်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီးတော့လည်း ပြန်လည် သုံးသပ် မှုတွေလုပ်သွားမယ်”ဟု DPN အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာနတာဝန်ခံ ဒေါက်တာနိုင်ရွှေသိန်းက ဆိုသည်။

ယင်းအလုပ်အရုံဆွေးနွေးပွဲတွင် SSR/DDR ကိစ္စ အပါအဝင် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှ ထွက်ပေါ်လာသော သဘောထားများကို ပြန်လည် သုံးသပ်ခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တက်ရေး၊မတက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး တက်ရေး၊မတက်ရေး၊ စသည့်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်တွင် အခန်း (၁) နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ရည်ရွယ်ချက်များ၊ အခန်း (၂) မူဘောင်ကို အခြေခံ၍ ကျင်းပရမည့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်၏ အခြေခံမူများ၊ အခန်း (၃) နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ အခန်း (၄) အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း၊ အခန်း (၅) နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ အခန်း(၆) နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ အခန်း (၇) နိုင်ငံရေး ဆွေးနွေးပွဲများကို စီမံခန့်ခွဲခြင်း၊ အခန်း (၈) ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆို အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊ အခန်း (၉) အထွေထွေတို့ ဖြစ်သည်။

၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုထားကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းဌာနများသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...