ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်နိုင်ရေး NCA လက်မှတ်ထိုးအဖွဲ့ နည်းလမ်းရှာမည်ဟု ကြေညာချက်ထုတ်ပြန်

ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်နိုင်ရေး NCA လက်မှတ်ထိုးအဖွဲ့ နည်းလမ်းရှာမည်ဟု ကြေညာချက်ထုတ်ပြန်
by -
မွန်သတင်းအေဂျင်စီ
မတ်လ NCA လက်မှတ်ရေးထိုး ၈ ဖွဲ့ထိပ်သီးအစည်းအဝေး (Pyidaungsu Institute FB)
မတ်လ NCA လက်မှတ်ရေးထိုး ၈ ဖွဲ့ထိပ်သီးအစည်းအဝေး (Pyidaungsu Institute FB)
အခြေအနေ အရပ်ရပ်ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA  လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် Peace Process တွင် ပါဝင်နိုင်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ် ၄၀ ခန့်က ဇူလိုင် ၁၈ ရက်နေ့မှ ၃ ရက်ကြာ အစည်းအဝေးကျင်းပပြီး အဆိုပါကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

“ဖယ်ဒရယ်အခြေခံမှု တူညီမှုရအောင် ဘယ်လိုလုပ်မလဲဆိုတာရယ်၊နောက်ပြီး ဖယ်ဒရယ်အခြေခံမူတွေက ဖယ်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာ NCA မှာပါပြီးသားဖြစ်နေတဲ့အခါကျတော့ အဲဒီ ဟာကို ကျွန်တော်တို့ နည်းလမ်းရှာပြီးတော့ သွားမယ့် ကိုယ်စားလှယ်တွေက  ကိုင်ဆွဲဖို့ အခြေခံမူကြမ်းပေါ့ အဲဒါတွေကို ပြင်ဆင်ကြဖို့ မိုင်ဂျာယန်မှာ ဆွေးနွေးကြဖို့ရှိတယ်။ နောက်တစ်ချက်က နိုင်ငံရေး မူဘောင်ကို ဘယ်လို ပြင်မလဲဆိုတာရယ်၊ ပင်လုံသဘောထား၊ပင်လုံရဲ့ အယူအဆကို တင်မယ်” ဟု NCA လက်မှတ်ရေးထိုးထားသည့် ၈ ဖွဲ့ထဲမှ PNLO ရှေ့ဆောင် နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကဆိုသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ယခု NCA သည် လက်ရှိ ဖြစ်ပေါ်နေသော စစ်ရေး၊ပဋိပက္ခများ ရပ်တန့်ရေး နှင့် အရင်းခံနိုင်ငံရေး ပြဿနာများ ဖြေရှင်းရေးကို ဦးတည်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ထွန်းရေးအတွက် အစပျိုးမှု တစ်ခုအဖြစ် မှတ်ယူကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(Union Peace Conference) ၂၁ ရာစု ပင်လုံ သည် မိမိတို့ တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ နှင့် ပြည်သူလူထု တရပ်လုံး လိုလားသည့် အမျိုးသားရင် ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေ့ရှုနိုင်လိမ့်မည်ဟု ယုံကြည်သည့်အပေါ် မိမိတို့ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်သွားကြမည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ထို့ပြင် လတ်တလော လုပ်ငန်းစဉ်အနေဖြင့် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့များတွင် ကျယ်ကျယ်ပြန့်ပြန့် ခေါ်ယူ ကျင်းပမည့် မိုင်ဂျာယန်၊ တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေးတွင် မိမိတို့အဖွဲ့ အစည်းများအနေဖြင့်လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း၊ မိမိတို့ အနေ ဖြင့် အရင်းခံ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တဆင့် ပြည်တွင်း ငြိမ်းချမ်း ရေး ကို တည်ဆောက်၍ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး သဘောတူညီချက်များ ရရှိသည်အထိ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ နိုင်ငံရေးအင်အားစုများ၊ အစိုးရ၊ တပ်မတော်တို့နှင့်လည်းကောင်း ညှိနှိုင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

တပ်မတော်ထိပ်တန်းအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက “ ကျွန်တော့်အနေနဲ့ အနှစ်ချုပ်ကို ရှင်းလင်းတင်ပြရမယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံဆိုတာဟာ NCA အပေါ်မှာ အခြေခံပြီးဖြစ်လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလာခံ အစစ်ဆိုပြီးတော့ပဲ ယုံကြည်မှုရှိပါတယ်။ဘာ ကြောင့်လဲဆိုတော့ နိုင်ငံတော်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက ပင်လုံညီလာခံသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့အတူတူပဲဖြစ်ပါတယ်ဆိုတဲ့ စကားလေးပြောထားတဲ့အတွက်ကြောင့်။ဒီဟာကို သွားတဲ့အခါ ကျွန်တော် တို့ အောင်မြင်အောင်လုပ်ဖို့ပဲရှိပါတယ်။ကျွန်တော်တို့ တပ်မတော်အနေနဲ့အကောင်းဆုံးပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ကျွန်တော့်အနေနဲ့ရှင်းလင်းတင်ပြလိုပါတယ်။ဒါက တပ်တော်ရဲ ့ သဘော ထားပဲဖြစ်ပါတယ်” ဟု ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် သေနတ်တစ်ချက်မှ မဖောက်ပဲ ငြိမ်းချမ်းရေးရမှာလားဆိုသည့် အချက်နှင့်ပတ်သက်ပြီးပြောကြားရာမှာ လည်း မိမိတို့ အနေဖြင့် သေနတ်တစ်ချက်မှ မဖောက်ချင်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ၎င်း က ဆိုသည်။

ကချင်ပြည်နယ်၊မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးကိုလည်း တပ်မတော်မှ ကန့်ကွက် စရာမရှိကြောင်း နှင့် လုံခြံုရေးအရလည်း မစိုးရိမ်ကြရန်  ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ရှင်းပြခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို KNU၊ DKBA၊ KNU/KNLA- PC၊ RCSS/SSA၊ PNLO၊ CNF၊ ABSDF၊ ALP၊ စသည့် လက်နက်ကိုင် ၈ ဖွဲ့မှ လက်မှတ်ရေးထိုးထားပြီးဖြစ်သော် လည်း UWSA/UWSP၊ NDAA၊ SSPP/SSA၊ KIO/KIA၊ KNPP၊ NMSP၊ NSCN-K၊ MNDAA၊ AA၊ TNLA၊ WNO၊ ANC၊ LDU စသည့် လက်နက်ကိုင် ၁၃ ဖွဲ့က လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...