မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အခက်ခဲရှိနေဆဲဟု ဆို

မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အခက်ခဲရှိနေဆဲဟု ဆို
by -
မွန်သတင်းအေဂျင်စီ
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့သော်လည်း  မသန်စွမ်းသူများ အတွက် အလုပ်ကိုင်အခွင့်လမ်းများရရှိရန် အခက်အခဲဖြစ်နေဆဲဟု မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကိုကိုနိုင်က ဇူလိုင် ၁၅ ရက်နေ့ မသန်စွမ်းသူများ အခွင့်အရေး နှီးနှောဖလှယ်ပွဲတရပ်တွင် ပြောကြား ခဲ့သည်။

မသန်စွမ်းသူများ နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်း မှုသင်တန်းကျောင်းတွင်ကျင်းပရာ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှုးနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က “မသန်စွမ်းသူတွေက အမြဲတမ်း အိပ်မက်ဆိုးတွေ မက်နေကြပါတယ်။ အလုပ်လျှောက်တဲ့နေရာမှာ ဌာနဆိုင်ရာမှာလဲ သတ်မှတ်ချက်တွေရှိ တယ်။ ဘာသတ်မှတ်ချက်လဲဆိုတော့ ‘ကျန်းမာသန်စွမ်း’ ရှိရမယ် ဆိုတဲ့အချက် တချက်ပါတယ်။ အဲဒီတော့ ကျနော်တို့ မသန်စွမ်းတွေ အလုပ်သွားလျှောက်တယ် အရည်အချင်းကတော့ သာမာန်လူတွေထက်သာတယ်။ ဒါပေမယ့် ခုနကအချက်နဲ့ပြန်ကြည့်တော့ အလုပ်ခန့်လို့ မရတဲ့ အခြေအနေ ဖြစ်သွားတာရှိတယ်” ဟု ပြော သည်။

ဆွဲခန့်ကျောင်းဆရာမ ဝင်လျှောက်သည့် မသန်စွမ်းတစ်ဦးက လျှောက်ခွင့်ရပြီး ဝင်ဖြေရာတွင် အောင်မြင် ခဲ့သော်လည်း လူတွေ့စစ်ရာ၌ ခြေထောက်အတုတပ်ထားသည့်အတွက် ‘ကျန်းမာသန်စွမ်း’ သည့် အချက်နှင့် ညိသွားသည်ဟုဆိုကာ အလုပ်ခန့်ခွင့် မရခဲ့တာမျိုး တွေ့ကြုံဖူးသည်ဟု ဦးကိုကိုနိုင်က ရှင်းပြခဲ့သေးသည်။

The Leprosy Mission Myanmar  ဒါရိုက်တာ ဦးဇော်မိုးအောင် က “လွှတ်တော်၊ အစိုးရ၊ လူမှုရေးဦးစီးဌာန အပါအဝင် ကျောင်းဆရာ/ဆရာမ များ၊ ကျန်းမားရေးဝန်ထမ်းများကလည်း မသန်စွမ်းအရေးကို အားရုံစိုက်ပြီး ပါဝင်လုပ်ဆောင်လာရင် မသန်စွမ်းသူတွေ သန်စွမ်းလာမှာ သေချာတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်ရေးဥပဒေကို ရေးဆွဲခဲ့ပြီးဖြစ်သော်လည်း နည်းဥပဒေကို မရေးဆွဲရ သေးကြောင်း၊ နည်းဥပဒေရေးဆွဲပြီးပါက မသန်စွမ်းများကို အလုပ်ခန့်အပ်နိုင်မည်ဖြစ်ကြောင်း၊ ခန့်အပ်မှုမရှိသည့် ဌာနတွင် အလုပ်ခန့်အပ်ရန်အတွက် ဆွေးနွေးမှုများ ရှိလာလိမ့်မည် ဟု ဦးဇော်မိုးအောင် က ဆက်ပြောသည်။

မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက် များကို ရေရှည်ခံစားနေရသူကို မသန်စွမ်းသူများဟု မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေတွင် ပြဌာန်း ထားသည်။

မွန်ပြည်နယ်တွင် မသန်စွမ်းသူ တစ်သိန်းကျော်ရှိသည့်အနက် အမြင်အာရုံအားနည်းသူ ၆၀,၈၅၈ ဦး ရှိသည်ဟု မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...