ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံသစ် ထပ်မံတည်ဆောက်မည်ကို ဒေသခံများကန့်ကွက်

ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံသစ် ထပ်မံတည်ဆောက်မည်ကို ဒေသခံများကန့်ကွက်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် JUNE CEMENT INDUSTRY ကုမ္ပဏီလီမီတက် ဘိလပ်မြေစက်ရုံသစ် ထပ်မံတည်ဆောက်မည်ကို လုံးဝကန့်ကွက်ကြောင်းနှင့် ကုမ္မဏီမှ ကြိုတင်ဝယ်ယူထားသော လယ်ယာမြေများကို မူလပိုင်ရှင်အား ပြန်လည်ပေးအပ်ရန် ဒေသခံ ၁၈၇၃ ဦးက လက်မှတ်ရေးထိုးကာ ဇူလိုင် ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသတွင် ကျောက်မီးသွေးလျှပ်စစ်စွမ်းအင်ဖြင့်လည်ပတ်မည့်အတွက်  မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL  ထုတ်လုပ်မည်ကို ဒေသခံများ ကန့်ကွက်လျှက်ရှိကြောင်း၊ ယခု JUNE ကုမ္မဏီ ဘိလပ်မြေထုတ်လုပ်ရာတွင် ကျောက်မီးသွေးစစ်အင်အသုံးပြုမည့်အပြင် ၎င်းတို့ဝယ်ယူထားသော လယ်ယာမြေများသည်လည်း အတင်းအဓမ္မဝယ်ယူထားရာတွင် ပြဿနာများစွာ ရှိနေသောကြောင့် ကန့်ကွက်စာတင်ရခြင်းဖြစ်ဟု ဒေသခံဖြစ်သူ မယ်ဂရိုရွာသား နိုင်ထိန်ဝင်းက ပြောသည်။

နိုင်ထိန်ဝင်း က “အခုတည်ဆောက်မယ့် စက်ရုံက ရွာနဲ့ ကိုက် ၂၀၊၃၀ ပဲဝေးတယ်။ ပြီးတော့ စက်ရုံကလည်း ကျောက်မီးနဲ့ လည်ပတ်မယ်။ ကျောက်မီးသွေးကို တကမ္ဘာလုံးက လက်မခံဘူး။ ကျနော်တို့က ဘိုးဘွာအစဉ် အဆက်က လယ်ယာမြေများကို လုပ်ကိုင်လာကြတယ်။ ဒီလယ်မြေတွေကို အဆုံးရှုံးမခံချင်ဘူး။ လယ်မြေတွေကို ပြန်လိုချင်တယ်။ ဒါကြောင့် စက်ရုံကို ကန့်ကွက်ရတယ်” ဟု ဆိုသည်။

JUNE ကုမ္မဏီတာဝန်ရှိသူများနှင့် ကျိုက်မရောမြို့နယ် မြေစာရင်းဦးစီးဌာနတို့မှ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပျားတောင်ဒေသပတ်ဝန်းကျင်ရှိ လယ်ယာမြေများကိုလုပ်ကိုင်နေကြသော လယ်သမားများကို ကော့ပနော့ ကျေးရွာ (ရယက) ရုံးသို့ ဆင့်ခေါ်ပြီး မိမိတို့အနေဖြင့် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း၊ ပျားတောင်ပတ်ဝန်းကျင်ရှိ လယ်ယာမြေများကို စက်ရုံတည် ဆောက်ရန်အတွက် မဖြစ်မနေ ပေးအပ်ရမည်ဟုပြောဆိုကာ လယ်ယာမြေများကို နစ်နာကြေးပေး၍ ဝယ်ယူခဲ့သည်ဟု နိုင်ထိန်ဝင်းက ဆက်ပြောသည်။

ပျားတောင်ဒေသရှိ လယ်ယာမြေများကို ၄ မျိုးခွဲခြာကာ တစ်ဧကနှုန်းဖြင့် အကောင်းဆုံးမြေ R1 ကို ကျပ်သုံးသိန်းခွဲ၊ R2 ကျပ် သုံးသိန်း၊ R3 ကျပ် နှစ်သိန်းနှင့်  R4ကို အနိမ့်ဆုံးသတ်မှတ်ကာ ငွေကျပ် ငါး သောင်း နစ်နာကြေး ပေးအပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ မယ်ဂရိုရွာသား နိုင်ရွှေဝင်း က “တောင်သူလယ်သမားတွေက သူတို့ရဲ့ မြေယာတွေကို မရောင်းချင်ဘူး။ လယ်တွေမရှိရင် ရှေ့ဆက်ပြီ ဝမ်းစာရေးအတွက် အခက်အခဲရှိတာပေါ့။ ဒါ့ကြောင့် ကုမ္မဏီက ပေးထားတဲ့ နစ်နာကြေးတွေကို တောင်သူတွေက ပြန်ပေးပြီ ကျနော်တို့တောင်သူတွေရဲ့ လယ်မြေကိုဘဲ ပြန်လိုချင်ကြတယ်” ဟု ဆိုသည်။

အဆိုပါ JUNE ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် မြေဧရိယာ ၁၄၀၀ ကျော်လိုအပ်လျှက်ရှိရာ ပျားတောင်ဒေသရှိ မယ်ဂရိုရွာနှင့် ကော့ဒွန်း/ကော့ပနော့ ရွာများတွင် ကုမ္မဏီမှ မြေဧရိယာ ရ၀၀ ကျော်ကို ဝယ်ယူရရှိထားသည်ဟု ဒေသခံများမှ သိရသည်။

အဆိုပါတိုင်ကြားစာအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဋ္ဌာနနှင့် ပြည်နယ်အဆင့် ဝန်ကြီးဌာန ၃၁ ခုသို့ ပေးပို့ထားသည်ဟု သိရသည်။

JUNE ကုမ္ပဏီ ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်းနှင့် လယ်ယာမြေများပြန် လည်ရရှိရန်အတွက် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၂ ကြိမ်တိုင်ကြားခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကောင်မရှင်သို့ ၂၀၁၃ ခုနှစ် ဧပြီ ၂၂ ရက်နေ့၌ လယ်ယာမြေများ ပြန်လည်ရ ယူလိုသည်ဟုဆိုကာ တိုင်ကြားခဲ့ကြောင်းလည်း သိရသည်။ Caption- ဘိလပ်မြေစက်ရုံတည်ဆောက်ရန် JUNEကုမ္ပဏီစတင်ပြင်ဆင်နေပုံ(MNA)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...