မွန်ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များ ၃ ဘာသာရေးထိုးနိုင်မည်ဟု ပြော

မွန်ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များ ၃ ဘာသာရေးထိုးနိုင်မည်ဟု ပြော
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းစဉ်(Minmin Nwe FB)
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းစဉ်(Minmin Nwe FB)
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းချက်အရ ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များကို မွန်၊ ဗမာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အလွတ်သဘောခွင့်ပြုချက်ရရှိခဲ့သည်ဟု နိုင်တလညီက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေး ၉ ဦးပါအဖွဲ့တို့သည် ဇူလိုင်လ(၁)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်တလညီက “လမ်းတွေ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့အဝင်-အထွက်ဆိုင်းဘုတ်တွေကို မွန်ဘာသာနဲ့ပါရေးထိုးဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါ ဝန်ကြီးချုပ်က စည်ပင်ဌာနကို ဆောင်ရွက်ပေးဖို့ ပြောဆိုထားတယ်လို့ပြောတယ်၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ စည်ပင်ဌာနတို့ ညှိနှိုင်းတဲ့အနေအထားရောက်နေပြီး ဝန်ကြီးချုပ်ကတော့ မွန်၊မြန်မာ၊အင်္ဂလိပ်သုံးမျိုးနဲ့ရေးဖို့တော့ အလွတ်သဘောခွင့်ပြုထားတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကို ပူးတွဲတာဝန်ယူထားသည်ဟု သိရသည်။"

ထို့အပြင် မော်လမြိုင်-မုတ္တမသံလွင်တံထားထိပ်ရှိ ယခုဆွမ်းအုပ်အဝိုင်းနေရာတွင် မွန်အမျိုးသားတို့၏ ဟင်္သာအလံပုံကို ထုလုပ်တည်ထားရန်၊ မွန်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားခွင့် ပိုမိုရရှိရန်၊ အများနှင့်သက်ဆိုင်သော နေရာများတွင် ဆိုင်းဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ၌ မွန်ဘာသာထည့်သွင်းပေးရန်နှစ်ဖက် သဘောတူညီမှုရရှိခဲ့ကြောင်း မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ကိုမင်းမင်းနွယ်က ပြောသည်။

သူက “ ဟင်္သာအဝိုင်းရုပ်တုကို ဒီအပတ်​အတွင်​းစတင်​ထုဆစ်​မှာဖြစ်​ပြီး ၂ လအတွင်​းတပ်​ဆင်​သွားမယ်လို့ ဆုံးဖြတ်​ထားတယ်” ဟု ဆိုသည်။

အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားနိုင်ရေးအတွက် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့နှင့် အစိုးရဘက်​မှပုဂ္ဂိုလ်​​များပူး​ပေါင်​း၍ သင်​ကြားမှုအ​ထောက်​အကူပြု​ကော်​မတီ တစ်ရပ်ဖွဲ့စည်​းပြီး ဆက်​လက်​​ဆောင်​ရွက်​သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီချက်ရရှိထားသည်ဟု သူက ဆက်ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် မွန်အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ် (၉)ဦး ပါဝင်သည့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို ပြီးခဲ့သည့်ဇွန် ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် မွန်လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်/မြို့များ၏ ဒေသခံအများစုဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်တစ်ခု၏ အရွယ်အစားနှင့်ကိုက်ညီနိုင်မည့် မြန်မာစာနှင့် တိုင်းရင်းသားစာ အရေအတွက်ကိုဆုံးဖြတ်ကာ ထည့်သွင်းထွင်းထုနိုင်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စည်ပင်သာယာရေးဌာနဝန်ကြီးက ဇွန် ၃၀ ရက်စွဲဖြင့် လက်မှတ်ရေးထိုးအသိပေးခဲ့ကြောင်း မိတ္တူစာအရ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...