၁၃ ကြိမ်မြောက် ဆရာဝန်ညီလာခံ မော်လမြိုင်တွင်ကျင်းပ

၁၃ ကြိမ်မြောက် ဆရာဝန်ညီလာခံ မော်လမြိုင်တွင်ကျင်းပ
၁၃ ကြိမ်မြောက် ဆရာဝန်ညီလာခံ မော်လမြိုင်တွင်ကျင်းပစဉ်(MNA)
၁၃ ကြိမ်မြောက် ဆရာဝန်ညီလာခံ မော်လမြိုင်တွင်ကျင်းပစဉ်(MNA)
မြန်မာနိုင်ငံဆရာဝန်များအသင်း (မော်လမြိုင်၊မွန်ပြည်နယ်) မှ ဦးဆောင်၍ ဆရာဝန်များ ညီလာခံကို ဖေဖော်ဝါရီ လ (၅၊ ၆) ရက်နေ့များတွင် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပနေသည်ဟု သိရသည်။

အဆိုပါ ညီလာခံတွင် ၀ါရင့်ဆရာဝန် ၁၀ ဦးမှ ဦးဆောင်ဟောပြောသွားမည် ဖြစ်ပြီး တိုးတက်လာသည့် ဆေးပညာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူး၍ ဆရာဝန်ငယ်များကို ဆင့်ကဲလက်ဆင့် ကမ်းခြင်း၊ လူနာများ အတွက် ဆရာဝန်များအား ကုသမည့်နည်းလမ်းကောင်းများကိုလည်း မျှဝေပေးစေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

“ဆရာဝန်အငယ်တွေက စာအုပ်တွေ၊ အင်တာနက်တွေနဲ့ အလှမ်းကွာတဲ့အခါကြတော့ ဆရာကြီးတွေက သူတို့တွေရဲ့ ပညာအတွေ့အကြုံ၊ သီအိုရီတွေကို တစ်ခါတည်းစုပြီးတော့ ဒီမှာပြောတဲ့အတွက်ကြောင့် ကိုယ့်ဘာသာ လေ့လာဖို့ တစ်လလောက်ကြာမယ့်ဟာကို တစ်ထိုင်ထဲမှာရနိုင်တယ်။ ပြီးတော့ မရှင်းတာတွေကို မေးနိုင်တဲ့အတွက် ဆရာကြီးတွေရဲ့ ဟောပြောချက်ကို နားထောင်ခြင်းအားဖြင့် ပိုမိုထိရောက်တယ်၊ လူမမာတွေကို ကုသတဲ့ အခါမှာလည်း ထိရောက်တယ်” ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဦးမျိုးဝင်းက ပြောသည်။

Dr Association

ညီလာခံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဆရာဝန်ကြီးများလည်း တက်ရောက် ဟောပြောလျှက်ရှိသည်။ ညီလာခံ နှစ်ရက်တွင် ကျန်းမာရေးနှင့်ပတ်သတ်သည့် ခေါင်းစဉ် ဆယ့်သုံးခု ဟောပြောသွားမည်ဟုလည်းသိရသည်။ အများစုဖြစ်နေကြသည့် ဆီးချို၊ သွေးတိုး၊ ခွဲစိတ်ခြင်းအကြောင်းနှင့် အခြားသောဆေးပညာဆိုင်ရာ အကြောင်းအရာများလည်း ဆွေးနွေး ဟောပြောသွားမည်ဟုသိရသည်။

“ဒီလိုပွဲမျိူးတွေလုပ်ပေးဖို့ အများကြီးလိုတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဆေးပညာဆိုတာ အမြဲပြောင်းလဲ နေတယ်လေ၊ တစ်နှစ်နဲ့တစ်နှစ်နဲ့မတူဘူး။ ပြောင်းလဲနေတယ်ဆိုတော့ ဒီလိုမျိူးပွဲတွေလုပ်ပေးမှ ဆရာဝန်တွေလည်း ဗဟုသုတပိုရှိမယ်၊ ဆေးကုသတဲ့နေရာမှာလည်း ထိရောက်မယ်။ ဆရာဝန်ငယ်တွေအတွက် ပိုပြီးတော့ ကောင်းတာပေါ့၊ အဓိကကတော့ ဆေးပညာကိုမြှင့်တင်ချင်လို့ပါ” ဟု မုတ္တမမြို့မှ ဒေါက်တာမြင့်ဌေး ကပြော သည်။

ယခုကဲ့သို့သော ညီလာခံမျိူးကို မြန်မာနိုင်ငံရှိ ဆရာဝန်အသင်းရှိသည့် ပြည်နယ်နှင့် တိုင်းများတွင် နှစ်စဉ် ကျင်းပနေကြောင်း သိရသည်။ မွန်ပြည်နယ်တွင် နှစ်စဉ်ကျင်းပနေပြီး ယခုနှစ်တွင် ဆယ့်သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ မွန်ပြည်နယ်တွင် အဖြစ်များဆုံးသော ရောဂါမှာ ဆီးချိုနှင့် သွေးတိုးရောဂါဖြစ်ကြောင်း ဒေါက်တာ ဦးမျိုးဝင်းကဆက်ပြောသည်။

ယခုကျင်းပနေသည့် ဆယ့်သုံးကြိမ်မြောက် ဆရာဝန်ညီလာခံကို မွန်၊ ကရင်နှင့် ရန်ကုန်တိုင်းမှ ၀ါရင့် ဆရာဝန်ကြီးများနှင့် ဆရာဝန်ငယ်များ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...