မိုးရွာမှုကြောင့် ဆားကွင်းများပြန်လည်ပြုပြင်နေရ

မိုးရွာမှုကြောင့် ဆားကွင်းများပြန်လည်ပြုပြင်နေရ
ဆားကွင်း တာရိုးများ ပြန်လည်ပြုပြင်နေစဉ် (MNA)
ဆားကွင်း တာရိုးများ ပြန်လည်ပြုပြင်နေစဉ် (MNA)
မွန်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်က အချိန်အခါမဟုတ် မိုးများရွာသွန်းမှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဆားကွင်းများမိုးရေများဖြင့်ပြည့်ခဲ့ရပြီး တာရိုးများလည်း ပျက်စီးခဲ့ကာ ယခုအချိန်အထိ ပြန်လည်ပြုပြင်နေရကြောင်း ဆားလုပ်ငန်းရှင်များ ထံမှ သိရသည်။

မိုးမရွာမီကာလတွင် ဆားများကို ဂိုဒေါင်ထဲသို့ တစ်ဝက်ခန့်သယ်သွင်းနိုင်ခဲ့သော်လည်း ကျန်ဆားတစ်ဝက်ခန့်မှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မိုးရွာမှုကြောင့် လှန်းထားသည့်ဆားရည်များ ဒီဂရီလျော့ကျပြီး ဆားများလည်း အထွက်နှုန်းလျော့ကျ လိမ့်မည်ဟု ပငဆားလုပ်ငန်းရှင်တို့က ပြောကြသည်။

ဆားကွင်းမန်နေဂျာ ဦးကျော်လွင်က “ဒီလိုလမျိုးဆိုရင် ၁၀ ရက်လောက်လှန်းပြီးရင် ဆားကိုကျုံးယူတာပေါ့၊ အဲ လိုအနေအထားမှာ မိုးကရွာသွားတာပေါ့၊ မိုးရွာတဲ့အတွက် ကျုံးကွက်ထဲကဆားတွေပျက်စီးတယ်၊ လှန်းထားတဲ့ရေတွေကလည်း ဒီဂရီလျော့သွားတယ်” ဟု ပြောသည်။

ယခုအချိန်တွင် တာရိုးများ ပြုပြင်ခြင်းနှင့် ဆားကွင်းများမြေညှိခြင်းလုပ်ငန်းများကို တစ်ပတ်ခန့် အချိန်ယူပြုပြင်ရမည်ဟု ပြောကြသည်။

“မိုးရွာတုန်းကတော့ တစ်ရက်နှစ်ရက်နားရတာပေါ့၊ လစားအလုပ်သမားတွေကတော့ တာရိုးပြင်တာတွေ၊ မြေညှိတာတွေလုပ်ရတယ်။ တခြားအလုပ်သမားတွေကတော့ ဂိုဒေါင်ထဲထည့်ထားတဲ့ ဆားတွေကို ကားပေါ် တင်တာတွေ လုပ်ရတာပေါ့” ဟု ဆားလုပ်သားတစ်ဦးဖြစ်တဲ့ နိုင်ဉာဏ်သာ ကပြောသည်။

မိုးရွာမူကြောင့်ဆားများပျက်စီးသဖြင့် ဆား စျေးအနည်းငယ်တက်ခဲ့ကြောင်း၊ ဆားအထွက်လျော့နည်းခြင်းကြောင့် ဆား စျေးတက်ရခြင်းဖြစ်ကြောင်းကိုလည်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

 “မိုးမရွာခင်တုန်းကတော့ ဆားစျေးက တစ်ပိဿာကို ရှစ်ဆယ့်ငါးကျပ် နှုန်းလောက်ရှိတယ်၊ မိုးလည်းရွာပြီးတဲ့ နောက်ပိုင်း ဆားစျေးက တစ်ရာလောက်ဖြစ်သွားတယ်။ မိုးမရွာဘူးဆိုရင် ခုနှစ်ဆယ်ကျပ်၊ ခြောက်ဆယ်ကျပ် အဲဒီလိုလျော့သွားတယ်” ဟု ဆားကွင်းပိုင်ရှင်တစ် ဦးဖြစ်သည့် ဒေါ်စန်းရီ က ပြောသည်။

သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း ငါးထောင်နီးပါးခန့်ရှိပြီး နှစ်စဉ် ဆားပိဿာချိန်ပေါင်း သိန်းခြောက်ဆယ်မှ သိန်းခုနှစ်ဆယ်ခန့် ထွက်ရှိသည်ဟု ပငကျေးရွာရှိ ဆားလုပ်ငန်းရှင်များ ပြောပြချက်အရ သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...