MCL ဘိလပ်မြေစက်ရုံစောင့်ကြည့်ရေး ဖွဲ့စည်းမည်

MCL ဘိလပ်မြေစက်ရုံစောင့်ကြည့်ရေး ဖွဲ့စည်းမည်
MCL ဘိလပ်မြေစက်ရုံအနီးတဝိုက်ရှိ ဒေသခံများအတွက် ဆိုးကျိုးများ မည်သို့ ကျရောက်နိုင်သည်ကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမည်ဟု ကျိုက်မရောမြို့နယ် ဒေသခံများထံမှ သတင်းရရှိသည်။
Cement Factory
ကျောက်မီးသွေးစက်ရုံ(GS)

အဆိုပါ ဘိလပ်မြေစက်ရုံ၏ လုပ်ငန်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဒေသခံများ နားလည် သဘောပေါက်စေရန် သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ရှင်းပြခဲ့ခြင်း မရှိကြောင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင်အနီးတဝိုက်တွင် ဒေသခံနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လေ့လာလိုသော်လည်း ကုမ္ပဏီက လေ့လာခွင့်မပြုကြောင်း သိရသည်။

“ကျနော်တို့ ကြားသိသလောက်တော့ စက်ရုံဝင်းထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကိစ္စတွေ၊ အလုပ်သမားတွေ လုပ်အားခဖြတ်တောက်ခံရတာတွေ၊ တရားမဝင် ခိုးဝင်လာသူတွေ၊ ကျောက်မီးသွေး စွမ်းအင် သုံးစွဲမယ်ဆိုတဲ့ သတင်းတွေကို အမှန်သိအောင် လေ့လာခွင့် မရခဲ့ပါ။ ဒါကြောင့် ဒေသခံ လူထု အကျိုးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းသင့်တယ်” ဟု MATA ဗဟိုဦးဆောင်ကော်မတီ မင်းအောင်ထူးက ဆိုသည်။

ဘိလပ်မြေစက်ရုံ စတင်အကောင်အထည်ဖေါ်စဉ်က စက်ရုံလည်ပတ်နိုင်မည့် လျှပ်စစ်စွမ်းအင်ကို မည်ကဲ့သို့ ထုတ်ယူသုံးစွဲမည် ကို ဒေသခံများ မသိရှိခဲ့ကြသော်လည်း ယခုအခါ ကျောက်မီးသွေး စွမ်းအင်နှင့် မောင်းနှင်မည့် သတင်းထွက်ပေါ်လာသဖြင့် ဒေသခံ များ စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်ဟု သိရသည်။

“ကျနော်တို့ နားလည်ထားတာက ဒီစက်ရုံကို ကျနော်တို့ဒေသမှာ လာဆောက်မယ်ဆိုရင် ဒေသခံတွေ အလုပ်ရမယ်၊ ကျနော်တို့ဒေသ ဖွံ့ဖြိုးလာမယ် ဒါလောက်ဘဲ သိထားတာ။ အခု စက်ရုံကို ကျောက်မီးသွေး စွမ်းအင်နဲ့ သူတို့မောင်းနှင်မယ်ဆိုတာ သိရတော့ အဲဒီက ထွက်တဲ့ ဘေးအန္တရာယ်ရှိတဲ့ စွန့်လွှတ်ပစ္စည်းတွေကို သူတို့ ဘယ်မှာစွန့်ပစ်မလဲ၊ မြစ် ချောင်းထဲမှာ စွန့်ပစ်ရင်တော့ ဒေသခံများ သာမက ဒီမြစ်ရေ ချောင်းရေကို သုံးစွဲနေကြတဲ့ မြစ်အောက်ဖက်နေ လူထုတွေလည်း ဘေးဖြစ်နိုင်တယ်ဆိုတော့ စိုးရိမ်စရာပေါ့” ဟု ကျိုက်မရောမြို့နယ် ဒေသခံ တစ်ဦးက ဆိုသည်။

စက်ရုံစတင်တည်ဆောက်စဉ် မြေယာရောင်းဝယ်ရေးပြဿနာများ ရှိခဲ့သော်လည်း စက်ရုံကုမ္ပဏီမှ ဖြေရှင်းပေးသဖြင့် အထိုက်အလျောက် ပြေလည်မှုရှိသော်လည်း ယခုအခါ ကျောက်မီးသွေး စွမ်းအင်ထုတ် စက်ရုံကိစ္စကို မည်သို့ကိုင်တွယ်ဖြေရှင်းကြ မည်ကို ဒေသခံများ စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ ကျောက်မီးသွေးစက်ရုံကိစ္စ ဆွေးနွေးစဉ်တုန်းက ကျနော်လည်း တက်ရောက်ခဲ့တယ်။ စက်ရုံကနေ ထွက်တဲ့ မီးခိုးငွေ့ မီးအမှုန်တွေကို ကောင်းကင်ဘက်ကို မထုတ်ဘဲ၊ မြေအောက်ဖက်ကို မှုတ်ထုတ်မယ်လို့ ဆိုတယ်။ ဒါကြောင့် ဘေးဥပါဒ် မဖြစ်ဘူးလို့ သူတို့(ကုမ္ပဏီ)က ရှင်းပြခဲ့တယ်”ဟု အမည်မဖေါ်လိုသော မယ်ကရိုကျေးရွာသား တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းမော်လမြိုင်ဘိလပ်မြေစက်ရုံကို ထိုင်းဘတ် (၁၂,၄၀၀) သန်း ရင်းနှီးမြုပ်နှံကာ တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် (၅၀၀၀) ခန့် ထုပ်လုပ်မည်ဟု ဆိုသည်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မှုကို ၂၀၁၄၊ ဇန်နဝါရီလက အကောင်အထည်ဖေါ်ခဲ့ပြီး ၂၀၁၆ မတ်လခန့်တွင် စက်ရုံလည်ပတ်နိုင်မည်ဟု စက်ရုံတည်ဆောက်ရေးကုမ္ပဏီမှ ထုတ်ဖေါ် ပြောဆိုထားသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...