ပြည်တွင်းမွန်နိုင်ငံရေးပါတီများ ပါတီတစ်ခုတည်း ပေါင်းစည်းရေး မွန်ပြည်သစ်ပါတီ ကြိုးပမ်းမည်

ပြည်တွင်းမွန်နိုင်ငံရေးပါတီများ ပါတီတစ်ခုတည်း ပေါင်းစည်းရေး မွန်ပြည်သစ်ပါတီ ကြိုးပမ်းမည်
 ပြည်တွင်းမွန် ၃ ပါတီခေါင်းဆောင်များနှင့် မွန် CSO တို့အမှတ်တရဓါတ်ပုံ(Banya Aung Moe)
ပြည်တွင်းမွန် ၃ ပါတီခေါင်းဆောင်များနှင့် မွန် CSO တို့အမှတ်တရဓါတ်ပုံ(Banya Aung Moe)
မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီး(မွန်)ပါတီ ၃ ပါတီတို့ ပြီးခဲ့သည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မွန်ကိုယ်စားလှယ်လောင်းများစွာ မဲရှံုးခဲ့သောကြောင့် ရွေးကောက်ပွဲဝင်မည့် တရားဝင် မွန်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံက ဇန်နဝါရီလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားသည်။

 နိုင်ထောမွန် က “ပြည်တွင်းမွန်နိုင်ငံရေးပါတီတွေကို တစ်ပါတီတည်းဖြစ်အောင် ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ ပါဝင်ဆောင်ရွက်သွားမယ်၊ အရင်ကဆို အဲဒီမွန်နိုင်ငံရေးပါတီတွေ ညီညွတ်အောင်ဆိုပြီးတော့ မွန်သံဃာတွေကို ဦးစီးပြီးညှိနှိုင်းခဲ့ပါတယ်၊ နောက်ဆုံး မွန်သံဃာတော်တွေ လက်လျှော့ရတဲ့အထိ ဖြစ်သွားတယ်၊ ဒါကြောင့် ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အဲဒီပါတီတွေ ညီညွတ်ဖို့ ကြိုးစားသွားမယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမတ် ၄ ဦးသာ အနိုင်ရရှိခဲ့ကြောင်း၊ မွန်နိုင်ငံရေးပါတီ ၃ ပါတီဖြစ်နေခြင်းကြောင့် မဲများပြန့်ကြဲသွားပြီး မဲရှုံးရကြောင်း၊ မွန်ပါတီများနေသည့်အတွက် ပြည်သူများစိတ်ရှုပ်ထွေးကာ မဲထည့်လိုသည့်ဆန္ဒ နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် မွန်တစ်ပါတီတည်းဖြစ်ရန် ကြိုးပမ်းရမည်ဟု မွန်ပြည်ပါတီ ဥက္ကဌ နိုင်ထောမွန်က ဆိုသည်။

နိုင်ထောမွန် က “၂၀၁၅ ရွေးကောက်ပွဲဟာ မွန်တွေအတွက် သက်သေအထောက်အထား တစ်ခုပေါ့နော်၊ ရွေးကောက်ပွဲဝင်တဲ့ မွန်ပါတီဟာ တစ်ပါတီပဲဖြစ်သင့်တယ်၊ ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာကိုတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီရယ်၊ ပြည်တွင်း က မွန်နိုင်ငံရေးပါတီတွေရယ်၊ မွန်သံဃာတွေရယ် ပါဝင် ဆွေးနွေးသွားမယ်၊ အများသဘောတူ ဆုံးဖြတ်တာကို ကျနော်တို့လည်း လက်ခံမယ်” ဟု ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီမှ ၅၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃၅ ဦး ၊ အမျိုးသမီး (မွန်) ပါတီမှ ၄ ဦးအပြင် တစ်သီးပုဂ္ဂလမွန်များ စုစုပေါင်း မွန်ကိုယ်စားလှယ်လောင်းအားလုံး ၁၀၀ နီးပါးခန့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ ၄ ဦးသာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

နဝမအကြိမ် မွန်ပြည်သစ်ပါတီညီလာခံကို ၂၀၁၅ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၁၆ ဇန်နဝါရီ ၁၄ ရက်အထိ မွန်ပြည်နယ်၊ ရေးချောင်း ဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ရာ ပါတီကိုယ်စားလှယ် ၁၂၂ ဦး၊ လေ့လာသူ ၁၈ ဦး၊ အကြံပေး ၁၀ ဦး၊ စုစုပေါင်း ၁၅၀ ဦး တက်ရောက်သည်ဟု အထက်ပါကြေညာချက်တွင် ဖော်ပြထားသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...