ကျိုက်မရောမြို့နယ် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးစွမ်းအင်သုံးမည်ကို ဒေသခံများစိုးရိမ်နေ

ကျိုက်မရောမြို့နယ် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးစွမ်းအင်သုံးမည်ကို ဒေသခံများစိုးရိမ်နေ
MCL ဘိလပ်မြေစက်ရုံသွားလမ်း (GS)
MCL ဘိလပ်မြေစက်ရုံသွားလမ်း (GS)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ဒွန်း ကော့ပနော် ကျေးရွာအနီးတဝိုက် တည်ဆောက်ဆဲဖြစ်သော SCG ကုမ္ပဏီမှ MCL အမည်ခံသော မော်လမြိုင် ဘိလပ်မြေစက်ရုံ တည်ဆောက်ပြီးစီးပါက ကျောက်မီးသွေး စွမ်းအင်သုံးစွဲမည်ဟု သတင်းထွက်နေခြင်းအပေါ်  ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဒေသခံပြည်သူများအကြား ကျောက်မီးသွေး စွမ်းအင်သုံးစွဲမည်ဟု သတင်းပြန့်နှံ့နေသဖြင့် ဆိုးကျိုးအန္တရာယ်များကို ဒေသခံများ စိုးရိမ်နေကြကြောင်း ပြောဆိုနေသည်။

“ကျောက်မီးသွေး စွမ်းအင်သုံးစွဲမယ့်သတင်းကို အရင်က မကြားမိခဲ့ဘူးပါ။ အခု အဲဒီသတင်း ထွက်ပေါ်လာတော့ ဒေသခံတွေကြာက်နေကြတယ်၊ ကျောက်မီးသွေးစွမ်းအင်နဲ့ မထုတ်လုပ်စေချင်ဘူးပေါ့” ဟု ကော့ဒွန်းရွာနေ မိနီနီအောင်က ဆိုသည်။

သို့သော် ကျောက်မီးသွေးစွမ်းအင် သုံး/မသုံးကို စက်ရုံကုမ္ပဏီမှ ရှင်းလင်းပြောဆိုထားခြင်း မရှိသေးကြောင်း စက်ရုံဝန်းကျင်ကျေးရွာနေ အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

၎င်းဘိလပ်မြေစက်ရုံသည် ၂၀၁၃ ခုနှစ်၊ မေလ ရ ရက်နေ့က မြန်မာ့ရင်းနှီးမြုပ်နှံရေး ကော်မရှင်မှ ခွင့်ပြုချက်ရရှိခဲ့သည့် စီမံကိန်းဖြစ်ပြီး လျှပ်စစ်စွမ်းအင် ရရှိရန်အတွက် မိမိအစီအစဉ်နှင့် သို့မဟုတ် လျှပ်စစ်မီးဖြန့်ချိရေးနှင့် ညှိနှိုင်းပြီး အကောင်အထည် ဖေါ်ဆောင်သွား မည်ဟု မွန်ပြည်နယ် အစိုးရထံမှ သိရသည်။

“ခွင့်ပြုချက်ရတယ်ဆိုတာ ဘယ်ကနေ ဘယ်လိုရခဲ့သလဲဆိုတာ ကျနော်တို့ မသိဘူး၊ စက်ရုံ လည်ပတ်ဖို့အတွက် လျှပ်စစ်စွမ်းအင် ဘယ်ကနေ လာမလဲ၊ ကျနော်တို့ သိထားတာက ကျောက်မီးသွေး စွမ်းအင်သုံးစွဲမယ်ဆိုတာ သေချာပါတယ်” ဟု အမည်မဖေါ်လိုသော မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

၎င်းမော်လမြိုင်ဘိလပ်မြေစက်ရုံသည် ထိုင်းဘတ် (၁၂,၄၀၀) သန်း ရင်းနှီးမြုပ်နှံထားပြီး၊တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် (၅၀၀၀) ခန့် ထုတ်လုပ်မည်ဟုဆိုသည်။ ၎င်းဘိလပ်မြေစက်ရုံ တည်ဆောက်မှုကို ၂၀၁၄၊ ဇန်နဝါရီလက အကောင်အထည်ဖေါ်ခဲ့ပြီး ၂၀၁၆ မတ်လခန့်တွင် စက်ရုံလည်ပတ်နိုင်မည်ဟု စက်ရုံတည်ဆောက်ရေးကုမ္ပဏီမှ ထုတ်ဖေါ် ပြောဆိုထားသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...