ယင်းသို့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအားလုံး အတူတကွ ညီညွတ်စွာ ကြိုးပမ်းအားထုတ်ကြပါရန် မွန်ပြည်သစ်ပါတီက လေးနက်စွာ တိုက်တွန်းလိုက်သည်ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များတွင် မွန်တစ်မျိုးသားလုံး ညီညွတ်ရေး၊ လူမျိုးစုံချစ်ကြည်မှု တည်ဆောက်ရေး၊ သုံးပွင့်ဆိုင် နိုင်ငံရေးတွေ့ဆုံအဖြေရှာ၍ တစ်ပြည်လုံး ငြိမ်းချမ်းရေး ပေါ်ထွန်းလာစေရေး၊ ခိုင်မာသော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ မိမိကံကြမ္မာ မိမိတို့ ဖန်တီးခွင့်ရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ဦးတည် အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကြေညာချက်၌ အတိအလင်း ဖော်ပြထားသည်။

နဝမအကြိမ် NMSP ညီလာခံကိုယ်စားလှယ်များ( Sike Chan Htaw)
မကြာမီလပိုင်းတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပါတီအစိုးရသစ် ဦးဆောင်မည်ဆိုသော်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ မျှော်လင့်ထားသလို ဖြစ်လာနိုင်မည်မဟုတ်ကြောင်း မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက် တစ်ရပ်တွင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က “မကြာမီတက်လာမယ့် အစိုးရသစ်က ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီအစိုးရလို့ ဆိုရမှာပေါ့၊ အကောင်းဘက်ကို ပြောကြစတမ်းဆိုရင် ကောင်းမွန်တာပေါ့၊ ဒါပေမယ့် အားလုံးရဲ့ လိုချင်တဲ့ဆန္ဒအတိုင်း ဖြစ်မလာနိုင်သေးဘူး၊ ဘာကြောင့်လည်းဆိုတော့ စစ်တပ်စိုးမိုးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေသေးလို့ပါ” ဟု ပြောသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD အစိုးရအနေဖြင့် မိမိတို့မျှော်လင့်ထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်သွားရန် လွယ်ကူဦးမည်မဟုတ်ကြောင်း၊ နောင်တက်လာမည့် ဒီမိုကရေစီအစိုးရသစ်နှင့် မြန်မာ့တပ်မတော်တို့၏ ညှိနှိုင်းအပေးအယူရှိမှု အပေါ် မူတည်နေကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်းမပြုနိုင်ပါက ပြည်သူလူထုအားလုံး သုခချမ်းသာ ရရှိနိုင်မည် မဟုတ်သေးကြောင်း နိုင်ထောမွန်က ဆိုသည်။
သူက “ငြိမ်းချမ်းရေးရရှိဖို့ ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားမယ်၊ နိုင်ငံတကာဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ဖို့ အကူအညီပေးအပ်နေတယ်၊ ကျနော်တို့ဘက်ကလည်း စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ထွန်းဖို့ ကြိုးပမ်းမယ်၊ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးလမ်းကြောင်း ရှိနေတယ်” ဟု ဆက်ပြောသည်။
နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက််မှု ရပ်စဲရေးစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးထိုးရန် လက်ရှိအစိုးရ လက်မခံသဖြင့် မွန်ပြည်သစ်ပါတီအနေဖြင့် လက်မှတ်မရေးထိုးသေးခြင်းဖြစ်ကြောင်း၊ UNFC တပ်ပေါင်းစုအတိုင်း ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း၊ အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် UNFC ကိုယ်စားလှယ် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။
နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ပါတီကိုယ်စားလှယ် ၁၂၂ ဦး၊ လေ့လာသူ ၁၈ ဦး၊ အကြံပေးအဖွဲ့ ၁၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း ပါတီညီလာခံအပြီး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။







