မုတ္တမပင်လယ်ကွေ့မှ ဆယ်ယူရရှိသည့် ပိုင်ရှင်မဲ့ လှေနှင့် နွားများကို လေလံတင် ရောင်းချ

မုတ္တမပင်လယ်ကွေ့မှ ဆယ်ယူရရှိသည့် ပိုင်ရှင်မဲ့ လှေနှင့် နွားများကို လေလံတင် ရောင်းချ
မုတ္တမပင်လယ်ကွေ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာပင်လယ်ပြင်တွင် မျောပါပြီး ဆယ်ယူ ရရှိထားသည့် ပိုင်ရှင်မဲ့ စက်လှေတစ်စီးနှင့် နွား ၁၅ ကောင်ကို ဒီဇင်ဘာလ ၆ ရက်နေ့၊ နေ့လည်ပိုင်းက အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးရှေ့ မြေကွက် တွင် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

၎င်းပိုင်ရှင်မဲ့ စက်လှေနှင့် နွားများကို မေလ ၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှ တံငါသည်များက ဆယ်ယူပြီး သက်ဆိုင်ရာသို့ အပ်နှံထားရာမှ ၆ လကျော်ကြာ ပိုင်ရှင်ကို စုံစမ်း မတွေ့ရှိသည့်အတွက် ပိုင်ရှင်မဲ့ဟု သတ်မှတ်ကာ နိုဝင်ဘာလ ၃၀ ရက်နေ့၊ ရက်စွဲဖြင့် လေလံတင်ရောင်းချခြင်း ဖြစ်သည်ဟု လေလံကြော်ညာချက်အရ သိရသည်။

လေလံပွဲသို့ ရောက်ရှိခဲ့သူ ပေါင်မြို့နေ ဦးကြည်အေးက “သူတို့ ကြော်ညာချက် အမှတ် ၃/၂၀၁၅ မှာ ၆ လကျော်ကျော် ပိုင်ရှင်ကို စုံစမ်းပြီး ဆက်သွယ်လာတဲ့လူ မရှိတော့လို့ ဒီလိုလေလံတင် ရောင်းတာ ဖြစ်တယ်”ဟု ပြောသည်။

ဆယ်ယူစဉ်က နွားအကောင် ၂၀ ကျော် ပါပြီး လူငှားနှင့် နွားကို ကျောင်းခိုင်းထားကြောင်း၊ ၆ ကောင်မှာ သေသွားသည့်အတွက် ၁၅ ကောင်သာ ကျန်ရှိကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။

နွား ၁၅ ကောင်ကို ၅၄ သိန်း၊ စက်လှေကို ၂၅ သိန်း ကြမ်းခင်းဈေး သတ်မှတ်ပြီး၊ ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာ နွား ၁၅ ကောင်ကို ဦးအီဗရာဟင်က ၅၅ သိန်း ၅ သောင်းဖြင့် လည်းကောင်း၊ စက်လှေကို ဦးဇော်ဝင်း က ၃၃ သိန်း ၃ သောင်းဖြင့်လည်းကောင်း လေလံအောင်ခဲ့ကြသည်။

စက်လှေကို လေလံအောင်ခဲ့သည့် ဦးဇော်ဝင်းက “လှေက ဧရာဝတီဘက်က ပုံစံနဲ့ တူနေတယ်။ ကုန်ပစ္စည်း တင်တဲ့သူတွေအတွက် အသုံးတည့်ပါတယ်။ ကျွန်တော်က သဲ၊ ကျောက် တင်တဲ့ လုပ်ငန်းမှာ သုံးမှာပါ”ဟု ပြောသည်။

စက်လှေမှာ ၄ လုံးထိုး အင်ဂျင်တပ်  ၃၅ ပေ×၁၀ ပေ၊ အမြင့် ၆ ပေရှိပြီး ဒေသအခေါ် ဘဲမြီးသမ္ဗန် အမျိုးအစားဖြစ်ကာ စိမ်း၊ ပြာ၊ နီရောင် ဆေးသုတ်ထားသည်ဟု ဦးကြည်အေးက ပြောသည်။

လေလံပွဲအတွက် စက်လှေကို စိတ်ဝင်စားသူ ၈ ဦး၊ နွားကို စိတ်ဝင်စားသူ ၆ ဦးတို့က ကြိုတင် စာရင်းပေး လျှောက်ထားခဲ့ကြ သည်ဟု လေလံရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပထမအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း စက်လှေကို အချိန်မီ မပြနိုင်ခြင်း၊ နွားများ၏ လက်ရှိအနေအထားနှင့် သတ်မှတ်တန်ဖိုး မြင့်မားခြင်းတို့ကြောင့် လေလံဝယ်သူ မရှိခဲ့ကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...