လက်ရှိအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်ရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော လက်နက်ကိုင်အဖွဲ့အစည်းများ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။
ဆန္ဒပြတောင်းဆိုပွဲဦးဆောင်သူ ချင်းအမျိုးသား ကိုဂျွန်ဘိုဝီက “အခုအချိန်ဟာ ဆောင်းရာသီ ဖြစ်နေပြီ ဆိုတော့ တော်တော်လေး လည်း ချမ်းနေပြီလေ။ ဒီလို ချမ်းအေးတဲ့ ရာသီမှာ စစ်ပွဲကြောင့် တောတွေ တောင်တွေထဲမှာ စစ်ကြောင့် ပြေးလွှား ရှောင်ပုန်းနေကြရ တဲ့ ပြည်သူတွေဟာ စောင်မရှိ ဘာမရှိဘဲ ချမ်းချမ်းစီးစီးနဲ့ အိပ်နေကြရတယ်လေ။ ဒီလူတွေ ဘယ်လို ခံစားကြရမလဲဆိုတာကို ခဏလောက် စဉ်းစား ကြည့်လို်က်ပါလား။ စစ်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်နေကြတဲ့ ပြည်သူတွေကို စာနာသော အားဖြင့် စစ်ပွဲကို ရပ်ပေးကြပါလို့ မြန်မာအာဏာပိုင်တွေသိအောင် သံရုံးရှေ့မှာ သွားရောက် တောင်းဆိုကြတာပါ”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ထားသောကြောင့် လူငါးဦးထက် မစုဝေးရ ဥပဒေကို လိုက်နာ ရသည့်အပြင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များကလည်း မိနစ် ၂၀ သာ ခွင့်ပြုကာ တောင်းဆို ဆန္ဒပြပွဲသို့ ချင်း၊ ရှမ်း၊ ဗမာ၊ ကရင်၊ မွန် နှင့် ထိုင်းလူမျိုးများ အပါအဝင် လူဦးရေ (၃၀)ခန့် ပါဝင်ပူးပေါင်းခဲ့ကြသည်။
“လူတွေက ဘယ်လောက် ဒုက္ခရောက်လိုက်ကြမလဲ အစားအစာတော့ ကြံုသလို စားလို့ရရင် ရမှာပေါ့။ ဒါပေမဲ့ အနွေးထည်မပါ စောင် မရှိဘဲ နှင်း တစ်စီစီကျနေတဲ့ ညအချိန်မှာ ဘယ်လိုနေကြမလဲ။ အဲဒါတွေကို စာနာသောအားဖြင့် စစ်ပွဲတွေ ရပ်ဖို့ ကျွန်တော်တို့ ဒီလို သွားရောက် တောင်းဆိုကြတာ” ကိုဂျွန်ဘိုဝီက ဆက်ပြောသည်။
ဆန္ဒပြတောင်းဆိုချက်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တတိယ အတွင်းဝန် ဦးထွန်းအေးထံသို့ ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေးရှင်းလက်ထောက် ဒါရိုက်တာနှင့် ချစ်သော မြန်မာပြည် စာသင် ကျောင်း Dear Burma Academy ၏ ကျောင်းအုပ်ကြီး ဦးမြင့်ဝေမှ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးမြင့်ဝေက “ဘာကြောင့် သံရုံးကို သွားပြီး ဆန္ဒပြခဲ့ရလဲဆိုတော့ ဒီမိုကရေစီအတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲလဲ လုပ်ပြီးပြီ။ လူထု သ ဘောထားလဲ ထုတ်ပြပြီးပြီ။ စစ်တပ်အနေနဲ့ အလှဆုံး နောက်ဆုတ်ဖို့ လမ်းကြောင်း ရပြီ။ ဒါပေမဲ့ လူတစ်စုပေါ့။ ခေါင်း ဆောင်ပိုင်းတွေ ဗိုလ်ချုပ်ဟောင်း တွေရဲ့ အကျိုးစီးပွားအတွက် ကိုယ့်တပ်က အရာရှိ ရဲဘော်တွေကိုလည်း အသေခံခိုင်းတယ်။ ကြားက အပြစ်မဲ့ ပြည်သူတွေကိုလည်း ဘေးဒုက္ခထဲကို ပို ့တယ်” ဟု ဆိုသည်။
အလားတူ ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများမှလည်း ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်း မြန်မာအစိုးရ စစ်တပ်များ၏ စစ်ရာဇဝတ် မှုကျူးလွန်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းများမှ နှုတ်ဆိတ်နေခြင်းများအား ရပ်တန့်ရန် အလေးအနက်အခို်င် အမာ တောင်းဆိုခြင်းအား ဘန်ကောက်မြို့တွင် နိုင်ဝင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။







